တိုင်းအစိုးရရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်မှု အားနည်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အဆိုတွေနဲ့ ကတိကဝတ်တွေကို တိုင်း အစိုးရအဖွဲ့က အကောင်အထည်ဖော်မှု အားနည်းတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းက ဆီအုန်းစိုက်ခင်းတွေကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အဆိုတွေနဲ့ ကတိကဝတ်တွေကို တိုင်းအစိုးရအဖွဲ့က အကောင်အထည်ဖော်မှု အားနည်းတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ ပြောပါတယ်။

တိုင်ကြားစာတွေနဲ့ အစိုးရရဲ့ အာမခံချက်တွေ ကတိကဝတ်တွေကို ကွင်းဆင်းစစ်ဆေးရာမှာ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းလုပ်ဆောင်တာ မရှိဘူးလို့ တိုင်းလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနဲ့ ပြည်သူများ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထူးနေအောင်က ပြောပါတယ်။

"မြိတ်ကို ကျနော်တို့ လုပ်ငန်း ၉ ခု ကွင်းဆင်းတဲ့နေရာမှာ အစိုးရအဖွဲ့ကို လွှတ်တော်က အကြောင်းကြားထား တယ်ဗျ၊ မြေပြင်ကွင်းဆင်းဆောင်ရွက်တဲ့နေရာမှာ အကူအညီပေးဖို့လေ၊ ဒါပေမဲ့ ဌာနဆိုင်ရာတွေကနေ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဗျ၊ အစိုးရအဖွဲ့ကနေ အကြောင်းကြားမထားဘူးလို့ သိရတယ်၊ ဒါကတော့ ကတိကဝတ်မေးခွန်းအပေါ်မှာ ကွင်းဆင်းတာပေါ့လေ၊ ပြီးတော့ တိုင်ကြားစာမှာလည်း အဲလိုဘဲ စန္ဒဝတ်ကျေးရွာ တောင်သမန်းသွားတော့လည်း အစိုးရအဖွဲ့က အကြောင်းမကြားထားတော့ အုပ်ချုပ်ရေးမှူးတို့ ရာအိမ်မှူးတွေက ဘာမှပူးပေါင်းပါဝင်မှုမရှိဘူး၊ အဲဒါကြောင့် ပူးပေါင်းပါဝင်မှု အားနည်းခြင်းရှိတယ်လို့ သုံးသပ်အကြံပြုချက်ထဲမှာ ထည့်ရေးထားတယ်"

တနင်္သာရီတိုင်းလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းတွေမှာ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီအောင် မစိုက်နိုင်တဲ့ ကုမ္ပဏီတွေဆီကနေ ဥပဒေနဲ့အညီ မြေတွေပြန်လည်သိမ်းယူပြီး ဒေသခံပြည်သူတွေကို ပြန်လည်ပေးအပ်ဖို့ တိုက်တွန်းကြောင်းအဆို အပါအဝင် မြေယာပြဿနာတွေနဲ့ပတ်သက်တဲ့ အဆိုတွေကို အကောင်အထည်ဖော်မှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးရာမှာ ဆောင်ရွက်မှုပိုင်းမှာ အားနည်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေယာပိုင်ဆိုင်ခွင့် ပုံစံ ၇ ရရှိဖို့ လျှောက်ထားရာမှာလည်း တောင်သူတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးတာတွေ မရှိဘူးလို့ သိရပါတယ်။

တိုင်ကြားစာတွေကို စိစစ်ပြီးနောက် အစိုးရကို လွှဲပြောင်းပေးခဲ့ပေမယ့် အရေးယူဆောင်ရွက်မှုအပိုင်းကို အစိုးရက အကြောင်းပြန်တာတွေ မရှိကြောင်းလည်း ဒေါက်တာထူးနေအောင်က ပြောပါတယ်။

လွှတ်တော်မှာ ကတိကဝတ်အဖြစ် မှတ်တမ်းရှိနေတဲ့ မေးခွန်းတွေ အဆိုတွေကို တိုင်းအစိုးရက အကောင် အထည်ဖော်မှုမှာ ဆောင်ရွက်ပြီးစီးတာ ၁၄ ရာခိုင်နှုန်း၊ ဆောင်ရွက်ဆဲ ၆၂ ရာခိုင်နှုန်းရှိပြီး ဆောင်ရွက်ဖို့ ၂၃ ရာခိုင်နှုန်းကျန်ရှိနေသေးတယ်လို့ ကော်မတီရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အကောင်အထည်ဖော်မှု အားနည်းနေတာကြောင့် အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ဌာနဆိုင်ရာတွေကို တွန်းအားပေးဆောင်ရွက်သင့်ကြောင်း ကော်မတီ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org