မြေယာပြဿနာဖြေရှင်းပေးဖို့ တောင်သူတွေ တောင်းဆို
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ လက်ရှိ အစိုးရသက်တမ်းအတွင်း သိမ်းဆည်းမြေယာကိစ္စတွေ ကို ဖြေရှင်းပေးတာ မရှိသေးတာကြောင့် မြေယာပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ တနင်္သာ ရီတိုင်း တောင်သူလယ်သမားများ သမဂ္ဂက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
-
2018-03-08 -
-
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ လက်ရှိအစိုးရသက်တမ်းအတွင်း သိမ်းဆည်းမြေယာကိစ္စတွေကို ဖြေရှင်းပေး တာ မရှိသေးတာကြောင့် မြေယာပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ တနင်္သာရီတိုင်း တောင်သူလယ် သမားများ သမဂ္ဂက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ ဂတ်တောင်ကျောင်းတိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်သူတွေက တောင်းဆိုတာဖြစ်ကြောင်း မြိတ်ခရိုင် တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဌ ဦးမိုးသူအောင်က ပြောပါတယ်။
"တိုင်းနဲ့ပြည်နယ်တွေမှာလည်း အထိုက်အလျောက် ဖြေရှင်းတဲ့ဟာတွေရှိတယ်၊ ကျနော်တို့ တနင်္သာရီတိုင်းမှာက ဒီနေ့ ဒီအချိန်အထိ ဖြေရှင်းဆောင်ရွက်တာ တစ်ခုမှမတွေ့ရသေးဘူး၊ အဲဒီအတွက် အဓိကတာဝန်ရှိတာကတော့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ပဲ၊ တိုင်းမြေစစ်မှာ သူကဥက္ကဌဖြစ်တယ်၊ သူ့ရဲ့အဆုံးအဖြတ်တွေနဲ့ ဖြေရှင်းဆောင်ရွက် လို့ ပြီးတဲ့ကိစ္စတွေရှိတယ်၊ အဲဒါကို ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲနဲ့ ဒီနေ့အချိန်အထိ ဒီလိုပဲနေနေတယ်"
ဒီသတင်းစာရှင်းလင်းပွဲကို ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းခရိုင်တွေက မြေယာဆုံးရှုံးသွားတဲ့ လယ်သမားတွေ၊ ခြံပိုင်ရှင်တွေ တက်ရောက်ကြပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ ဆီအုန်းစီမံကိန်း၊ မြို့သစ်စီမံကိန်းနဲ့ တပ်သိမ်းမြေကိစ္စတွေ အများဆုံးရှိပြီး အစိုးရသစ် လက်ထက်မှာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအဖွဲ့က စိစစ်ချက်တွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်ခရိုင်မှာ စစ်အစိုးရလက်ထက်ကတည်းက သိမ်းဆည်းခံထားရတဲ့ ကျောက်ဖျာမြို့သစ် စီမံကိန်းမှာပါတဲ့ မြေယာတွေကို ပြန်လည်ပေးဖို့နဲ့ မြို့သစ်အကောင်အထည်ဖော်မယ်ဆိုရင်လည်း ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ တက်ရောက်လာတဲ့ ဒေသခံတွေက တောင်းဆိုကြပါတယ်။