တမူးမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံနှစ်ဦး သေဆုံး

တမူးမြို့နယ် မြို့သစ်မြို့အနီးက မိုးလင်းရွာမှာ မေ ၁၄ ရက်က မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်အဝင်အား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း တမူးမြို့နယ် မြို့သစ်မြို့အနီးက မိုးလင်းရွာမှာ မေလ ၁၄ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ကိုလိုင်းထင်ဒမ်းနဲ့ ကိုအောင်မိုးလွင်တို့ဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရာကနေ လက်ရှိမှာ ပစ်ခတ်မှုတွေ မရှိတော့လို့ ရွာကိုပြန်လာစဉ် မြေမြှုပ်မိုင်း နင်းမိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေတာ။ အခုက ရွာထဲမှာ အဝတ်အစားတွေယူရင်း အိမ်ကိုကြည့်ဖို့ ပြန်သွားတာ။ အဲဒီသွားတဲ့လမ်းမှာ မိုင်းနင်းမိလို့ သေဆုံးတာဖြစ်တယ်”

စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းလို့ ဒေသခံတွေကပြောဆိုကြပြီး ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

တမူးမြို့နယ်၊ မြို့သစ်မြို့ကိုတော့ မေလ ၁၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသ ၊ တမူးခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org