မောင်တောခရိုင်က တရားမဝင် အဆောက်အဦးတွေကို အရေးယူသွားမည်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ တရားမဝင်အဆောက်အဦးတွေကို အရေးယူဆောင်ရွက် သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောလိုက် ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း(အလယ်)နဲ့ ဒေသခံတွေ စက်တင်ဘာလ ၂ဝ ရက်နေ့က စစ်တွေမြို့ မင်းသူရိယခန်းမမှာ တွေ့ဆုံကြစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ တရားမဝင် အဆောက် အဦးတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောလိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ မင်းသူရိယခန်းမမှာ ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်ပြီး အမိန့်ကြေညာချက်တွေ ထုတ်ပြန်သွားမယ်လို့လည်း ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောပါတယ်။

"အဓိကကတော့ ဒီအဆောက်အဦးတွေကဆောက်လုပ်စဲဖြစ်တယ်ဆိုရင်လည်း ရပ်တန့်ထားဖို့၊ ဆောက်ပြီး သားဖြစ်တယ်ဆိုရင်လည်း စနစ်တကျဥပဒေနဲ့အညီ ဒီကာလလေးအတွင်းမှာ တာဝန်အရဖျက်သိမ်းရမှာဖြစ် ပါတယ်"

လက်ရှိမောင်တောခရိုင်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဗလီ ၁၂ လုံး၊ အာရ်ဗီကျောင်း ၃၅ ကျောင်း၊ လူနေအိမ် ၂၅၀၀ ကျော်၊ ဈေးဆိုင် ၆၀၀ ကျော်နဲ့ အခြားအဆောက်အဦး ၁၃၀ ကျော် ၊ စုစုပေါင်း တရားမဝင်အဆောက်အဦး ၃၃၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

တရားမဝင်အဆောက်အဦးတွေကို စိစစ်ဖို့အတွက် ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဦးဆောင်တဲ့ စီမံခန့်ခွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့က မောင်တောမြို့မှာ ဒေသခံတွေ၊ မွတ်လင်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ဆုံပြီး အသိပေးပြောကြားခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org