အဆင့်မမီ ကျောင်းဆောက်လုပ်တဲ့ ကုမ္ပဏီများကို အရေးယူ
ပညာရေးဝန်ကြီးဌာနအောက်က စာသင်ကျောင်းတွေ ဆောက်လုပ်ရာမှာ အရည်အသွေးပြည့်အောင် ဆောက် လုပ်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုပြီး နာမည်ပျက် စာရင်းသွင်း အရေးယူနေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
-
2015-05-19 -
-
-
ပညာရေးဝန်ကြီးဌာနအောက်က စာသင်ကျောင်းတွေ ဆောက်လုပ်ရာမှာ အရည် အသွေးပြည့်အောင် ဆောက်လုပ်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုပြီး နာမည်ပျက်စာရင်းသွင်း အရေးယူနေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်သူ့ ဘဏ္ဍာငွေနဲ့ ဆောက်လုပ်တဲ့ကျောင်းတွေကို ကန်ထရိုက်ရရှိထားတဲ့ ကုမ္ပဏီတွေထဲက အရည်အသွေး မပြည့်မီတဲ့ ကုမ္ပဏီတွေကို အရေးယူမှုတွေ ရှိ မရှိ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဦးသန့်ရှင်းက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
"စံချိန်စံညွှန်းမပြည့်မီသော ပစ္စည်းများဖြင့်တည်ဆောက်ခြင်း၊ တင်ပြထားသော အရေအတွက်ထက်လျော့ပြီး တည်ဆောက်ခြင်းများအား ဆောက်လုပ်သည့်ကုမ္ပဏီများမှ ပြန်လည်အစားထိုးပြင်ဆင်ပေးရန် လုပ်ငန်းလက်ခံသူကတာဝန်ယူရန် စာချုပ်စည်းကမ်းများနဲ့အညီ လုပ်ငန်းမဆောင်ရွက်နိုင်ခြင်းနဲ့ စာချုပ်စည်းကမ်းဖောက်ဖျက်ပါက အခြားသင့်လျော်သူများအား လုပ်ငန်းအပ်နှံသူက အစားထိုးလုပ်ကိုင်စေခြင်း၊ နာမည်ပျက်စာရင်း ထည့်သွင်းကြေညာခြင်း၊ ဥပဒေအရ တရားစွဲဆိုခြင်းများကို ခံယူရမည်ဖြစ်ပါကြောင်း လုပ်ငန်းအပ်နှံမှုစာချုပ်ချုပ်ဆိုချိန်တွင်း သဘောတူလက်မှတ်ရေးထိုး ဆောက်ရွက်ထားခြင်းရှိပါသည်"
တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေထဲမှာ ပြုပြင်ဖို့ လိုအပ်တဲ့ စာသင်ကျောင်း ၃၆၀၀ နီးပါး နဲ့ အရည်အသွေး မပြည့်မီတဲ့ ကျောင်းပေါင်း ၄၂၀၀ ကျော်ရှိကြောင်း သိရပါတယ်။
အဲဒီ့ထဲက အန္တရာယ်ရှိတဲ့ စာသင်ကျောင်း ၂၂၀၀ ကျော်ကို ဒီစာသင်နှစ်မှာ ပြင်ဆင်ဖို့ စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ဒီနေ့လွှတ်တော်မှာ တင်ပြရာမှာ ကုမ္ပဏီအမည်တွေကို ဖေါ်ပြပြောဆိုခြင်း မရှိခဲ့ပါဘူး။
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က မမှန်မကန်လုပ်တဲ့ ကုမ္ပဏီတွေကို နာမည်ပျက် စာရင်းသွင်းတာ အပြင် လူပုဂ္ဂိုလ်တွေကိုပါ နာမည်ပျက်စာရင်းသွင်းဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းကြေညာဖို့လိုအပ်ကြောင်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ တိုက်တွန်းထားပါတယ်။