တကောင်းနီကယ်စက်ရုံ အလုပ် သမားတွေ အလုပ်သမားအခွင့် အရေး ရရှိဖို့ တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်း နီကယ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2016-12-18 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
လုပ်ခလစာတွေ တိုးပေးခြင်းမရှိတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိနေတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ တကောင်းနီကယ်စက်ရုံမှာ လုပ်သက် ၃ နှစ်ရှိပြီး ဒီနေ့ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုတင်မျိုးထွန်း က ပြောပါတယ်။
"ကျနော်တို့ဒီမှာ လုပ်ခလစာနည်းပါးတယ်၊ အဲ့အတွက် လုပ်ခလစာတိုးမြှင့်ရရှိလိုမှုရယ်၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေတယ်၊ အဲ့အတွက် အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိလိုမှုရယ်၊ အဲ့တာကို ဆန္ဒပြတာ၊ လုပ်ငန်းခွင်ကျွမ်းကျင်လို့ ကျနော်တို့ ခေါင်းဆောင်တွေဖြစ်သွားတယ်၊ သူက လစာကို မတိုးပေးဘူးဗျ၊ ၂ သောင်း ၃ သောင်း ခေါင်းဆောင်ကြေးဆိုပြီး အဲ့လိုထည့်ပေးလိုက်တယ်ဗျ"
တကောင်းနီကယ်စက်ရုံမှာ တရုတ်နိုင်ငံသားဝန်ထမ်းတွေနဲ့ မြန်မာဝန်ထမ်းတွေရှိပြီး ရရှိတဲ့အခွင့်အရေးတွေ မတူညီဘူးလို့လည်း ပြောပါတယ်။
အဲဒီစက်ရုံမှာ အများဆုံးလုပ်သက် ၅ နှစ်ကနေ အနည်းဆုံးလုပ်သက် ၁ လအထိရှိတဲ့ မြန်မာအလုပ်သမား ၁၆၀၀ လောက်ရှိပြီး ပညာအရည်အချင်းအလိုက် လစာပေးတာမဟုတ်ဘဲ အန္တရာယ်ပိုများတဲ့နေရာတွေမှာ လုပ်ကိုင်သူတွေကို လစာပိုပေးတာ ဖြစ်တယ်လို့လည်း ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲ ဦးဆောင်ဖို့ ခွင့်ပြုမိန့်တင်ခဲ့တဲ့ အလုပ်သမား ဦးထွန်းထွန်းဝင်း ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့လည်း ကိုတင်မျိုးထွန်း က ပြောပါတယ်။
တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စတစ်ကာတွေ လက်ပတ်စိမ်းတွေပတ်ပြီး လုပ်ငန်းခွင်ဝင်ကြမှာဖြစ်သလို တောင်းဆိုမှုတွေ မရမချင်း လက်ပတ်စိမ်းပတ်တဲ့လှုပ်ရှားမှုကို ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။