လျစ်လျူရှုခံ ဒုက္ခသည်များ အစီရင်ခံစာထုတ်ပြန်
ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ထွက်ပြေး ခဲ့ကြရပြီး နေရပ်ကိုပြန်လို့မရ ဖြစ်နေ သူတွေနဲ့ ပတ်သက်လို့ "လျစ်လျူရှုခံ အကြပ်အတည်းများ" ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာ တစ်စောင်ကို တအာင်းအမျိုးသမီးများအဖွဲ့က ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
-
2014-02-24 -
-
-
Your browser doesn’t support HTML5 audio
ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရ ပြီး နေရပ်ကိုပြန်လို့မရ ဖြစ်နေသူတွေနဲ့ ပတ်သက်လို့ "လျစ်လျူရှုခံ အကြပ်အတည်းများ" ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင်ကို တအာင်းအမျိုးသမီးများအဖွဲ့ က ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။
ဒီအစီရင်ခံစာဟာ ရှမ်းပြည်နယ် ပလောင်ဒေသ နမ့်ခမ်း၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုန်၊ ကွတ်ခိုင်၊ နမ်ဘက်စတဲ့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးကြရသူတွေ အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်က ဒေသတွင်း မြို့နယ် ၂ မြို့နယ်မှာသာ ဒုက္ခသည်တွေရှိခဲ့ပေမဲ့၊ ၂၀၁၃ မှာ ဒုက္ခသည် စခန်းပေါင်း ၉ ခု ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ ပြုစုထားတဲ့စာရင်းတွေအရ ဒုက္ခူသည် ၃၀၀၀ကျော်တယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေဟာ စစ်ပွဲတွေ မပြီးသေးတာကြောင့် နေရပ်မပြန်နိုင်ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ပိုးငယ်က
"မနက်ဖြန်မှာ ဘာစားရမလဲဆိုတာ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောင့်ကြမှုတွေ အမြဲတမ်းရှိတယ်၊ အဲဒီဟာကနေ လွတ်မြောက်ချင်တယ်၊ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့လည်း မသိဘူး၊ ရပ်ရွာကိုပြန်မယ်ဆိုလို့ရှိရင်လည်း သိပ်လည်းမငြိမ်သေးတဲ့အခါကျတော့ ဘယ်လိုမှပြန်နိုင်မယ့် အခြေအနေမရှိဘူး၊ ဒါ့အပြင် ရပ်ရွာတွေမှာ ဒီကထွက်ပြန်သွားပြီး ပြန်လာတဲ့လူတွေက သူတို့ပြောပြတယ်၊ သူတို့ရဲ့ အိုးအိမ်တွေဟာ ဆိုလို့ရှိရင်လည်း မီးရှို့ထားခံရတာကို သူတို့တွေ့ရတယ်"
တစ်နိုင်ငံလုံး စစ်ပွဲတွေရပ်တန့်ပြီး၊ ငြိမ်းချမ်းရေး ကြေညာနိုင်မှသာ ဒုက္ခသည်တွေအတွက် ဆင်းရဲဒုက္ခတွေ ခံစားနေရတဲ့ဘဝက လွတ်ကင်းနိုင်မယ့် အခြေအနေဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီအစီၤရင်ခံစာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တွဲဘက်အတွင်းရေးမှူး ပိုးငယ်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။