MOGE ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ကို JFM တောင်းဆို
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားပေမဲ့ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ Justice for Myanmar (JFM) က ဆိုပါတယ်။
-
RFA Burmese
2025-03-07 -
-
-
စစ်တပ်ရဲ့ ငွေဝင်ပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်အစိုးရကို Justice for Myanmar (JFM) က မတ်လ ၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားတာ သုံးနှစ်ကျော်လာပြီဖြစ်ပေမဲ့ ဆွစ်ဇာလန်နိုင်ငံကတော့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ JFM က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဆွစ်ဇာလန်အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်သင့်ပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်သင့်ပါတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းလေးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေ ပိုပြင်းထန်လာပြီး အဲဒီစစ်ဆင်ရေးတွေအတွက် ငွေကြေးကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍကနေ ရရှိနေတာလို့လည်း ဆိုပါတယ်။
ဆွစ်ဇာလန်အစိုးရက MOGE ကို အရေးယူဖို့ ပျက်ကွက်နေတာဟာ အီးယူနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထိခိုက်ပျက်ပြားစေရုံသာမကပဲ ဆွစ်ကုမ္ပဏီတွေကို မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်တယ်ဆိုတာကို မီးစိမ်းပြလိုက်တာ ဖြစ်တယ်လို့လည်း JFM က ဝေဖန်ထားပါတယ်။
စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်တွေအရ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိခဲ့ပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ စစ်ကောင်စီအတွက် အကြီးမားဆုံးဝင်ငွေရင်းမြစ်ဖြစ်ပြီး အဲဒီကရရှိတဲ့ ဝင်ငွေနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် လိုအပ်တဲ့ စစ်လက်နက်တွေ၊ လေယာဉ်ဆီတွေနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကို ဝယ်ယူနေတာဖြစ်တယ်လို့ JFM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
JFM ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီအတွက် တစ်နှစ်ကို ဝင်ငွေသန်းနဲ့ချီရနေတဲ့ MOGE လုပ်ငန်းကို ၂ဝ၂၂ ခုနှစ်အစောပိုင်းမှာ ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ သုံးနိုင်ငံပေါင်းကတော့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကုန်မှာ အရေးယူဒဏ်ခတ်ပိတ်ဆို့ထားတာပါ။