မြန်မာ့ဒီမိုကရေစီရေး ဆွစ်သံအမတ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ညနေက ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် ဆွစ်ဇာလန်သံရုံး သံအမတ်ကြီးကို တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
-
2010-12-16 -
-
-
သံအမတ်ကြီးက NLD ပါတီရဲ့ လက်ရှိ အခြေအနေတွေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ကူညီ ဆောင်ရွက်နိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေး မေးမြန်းခဲ့တယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ကလည်း ရွှေဂုံတိုင်လမ်းက အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြား သတင်းဌာန ၂ ခုက သတင်းထောက်တချို့နဲ့ ပြည်တွင်းက နိုင်ငံခြား သတင်းထောက်တဦးကိုလည်း လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
နေ့လည် ၁၀ နာရီလောက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခံထားတဲ့ ဗြိတိန်နိုင်ငံသား ခရီးသွားတဦးကို လက်ခံ တွေ့ဆုံခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“မီဒီယာလည်း မဟုတ်ဖူး၊ diplomat လည်း မဟုတ်ဖူး၊ ယူကေက ခရီးသွားတယောက် တွေ့ဆုံခွင့်တောင်းတာ ဒီနေ့ အဖွဲ့ချုပ်ရုံးမှာ လက်ခံတွေ့ဆုံပါတယ် မနက်ပိုင်းက။ သူက အဓိက တောင်းဆိုတာကိုက သူက သူ့အမေရဲ့ မွေးနေ့ အသက် ၆၀ ပြည့် မွေးနေ့မှာ ဒေါ်စုနဲ့ တွေ့ခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေး သူ့အမေကို မွေးနေ့လက်ဆောင် ပေးချင်လို့ တွေ့ခွင့်ပြုပါဆိုလို့ အဲဒါနဲ့ တွေ့ခွင့်ပြုလိုက်တာပါ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးကတည်းက နေ့စဉ်လိုလို နိုင်ငံခြားသံတမန်တွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေအပြင် တဦးချင်းကိုလည်း လက်ခံ တွေ့ဆုံနေရကြောင်း သိရပါတယ်။