မုန်တိုင်းကယ်ဆယ်ရေး ဒေသခံခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့ မနက်က ရခိုင်ပြည်နယ်မှာ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဂီရိကယ်ဆယ်ရေးလုပ်ငန်း ကူညီလုပ်ဆောင်နေမှုတွေနဲ့ ပြည်နယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
-
2010-12-14 -
-
-
ဒီလိုတွေ့ရာမှာ ပြည်နယ် စည်းရုံးရေးကော်မတီ ယာယီဥက္ကဋ္ဌ ဦးမောင်ကြွင်းအောင်၊ တောင်ကုတ်မြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်သိန်းအောင် ၊ ပြည်နယ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းလှိုင်နဲ့ ပြည်နယ် စည်းရုံးရေး ကော်မတီဝင် ဦးစိုးလေးတို့က ဂီရိကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်မှုတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လည် ၁ နာရီကလည်း ရွှေဂုံတိုင်လမ်းက အဖွဲ့ချုပ်ရုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပကြောင်းလည်း သိရပါတယ်။
ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ခဲ့ကြောင်း သိရပြီး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း ၊ ဦးအုန်းကြိုင်အပါအဝင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အားလုံး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လာမယ့် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့နဲ့ လွတ်လပ်ရေးနေ့ ကြေညာစာတမ်း ထုတ်ပြန်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။