စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ လက်နက်ချဖို့ တော်လှန်ရေးအဖွဲ့တွေ စုပေါင်းတိုက်တွန်း
လက်ရှိစစ်ကောင်စီလက်အောက်မှာရှိနေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အားလုံး အချိန်မနှောင်းခင်လက်နက်ချကြဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့ ခြောက်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့ မနေ့က ကြေညာချက်တစ်စောင် စုပေါင်းထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
-
RFA Burmese
2023-11-27 -
-
-
လက်ရှိ စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အားလုံး အချိန်မနှောင်းခင် လက်နက်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့ ခြောက်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့ မနေ့က ကြေညာချက်တစ်စောင် စုပေါင်းထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
အဲဒီ စုပေါင်းကြေညာချက်မှာ စစ်ကောင်စီက ပြည်ထောင်စုကို သူတို့ကာကွယ်စောင့်ရှောက်နေရတယ်လို့ အကြောင်းပြနေပေမဲ့ တကယ်လက်တွေ့မှာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့မိသားစုဝင်တွေကသာ နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်ထူးခံနေခဲ့ကြတာဖြစ်ကြောင်းနဲ့ အဲဒီ အာဏာရှင်စနစ်ဟာ မကြာခင်ချုပ်ငြိမ်းတော့မှာ ဖြစ်တဲ့အတွက် လက်ရှိစစ်ကောင်စီသြဇာခံတပ်ဖွဲ့တွေအနေနဲ့ နီးစပ်ရာတော်လှန်အင်အားစုတွေနဲ့ ဆက်သွယ်ပြီး လက်နက်ချဖို့ ဖော်ပြထားပါတယ်။
လက်နက်ချသူတွေကို ဖမ်းဆီးနှိပ်စက်မှာမဟုတ်ဘဲ မိသားစုဝင်တွေရဲ့ လုံခြုံရေးနဲ့ ပြန်လည်အခြေချရေးအတွက် ကူညီမယ်လို့လည်း ဆိုပါတယ်။
အဲဒီကြေညာချက်ကို NUG အစိုးရ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ KPEZ ကချင်အဖွဲ့၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စတဲ့အဖွဲ့တွေ စုပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကယားပြည်နယ်(ကရင်နီပြည်)မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တစ်လေးလုံးစစ်ဆင်ရေး စတင်ချိန်ကစပြီး နိုဝင်ဘာ ၂၅ ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ချတဲ့ တပ်မတော်သား ၅၉ ယောက်အထိ ရှိတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်မှာလည်း စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၁၂၉) တပ်ရင်းတစ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၂၇ ယောက်၊ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၁၃၄ ယောက်စုစုပေါင်း ၂၆၁ ယောက်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က MNDAA ကို ဆက်သွယ်ပြီး လက်နက်ချအလင်းဝင်လာတာလို့ MNDAA ပြောခွင့်ရှိသူ လီကျားဝင်းက ပြောဆိုထားပါတယ်။