ဒေါ်အောင်ဆန်းစုကြည်၏အထူးအယူခံ တရားရုံးချုပ်က လက်ခံလိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ခင်ခင်ဝင်းတို့သားအမိရဲ့ အထူးအယူခံ လျှောက်ထားမှုကို မြန်မာနိုင်ငံ တရားရုံးချုပ်က လက်ခံလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ ကြေညာတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ သမီး မဝင်းမမတို့ကို စစ်အစိုးရ အင်းစိန်ခရိုင် အထူးတရားရုံးက မနှစ်က ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့တဲ့ အတွက် ရန်ကုန်တိုင်းတရားရုံးကို အယူခံဝင်ရာမှာ ပယ်ချခံရတဲ့ အတွက် တရားရုံးချုပ်ကို ပြင်ဆင်မှု တင်သွင်းခဲ့ပါတယ်။

အဲဒါကိုလည်း ထပ်မံပယ်ချ ခံခဲ့ရပြန်တဲ့အတွက် တရားရုံးချုပ်ကို အထူးအယူခံအဖြစ် မကြာခင်က တင်သွင်းခဲ့ရာမှာ ကြားနာဖို့ လက်ခံကြောင်း အခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီအမှုအတွက် နေပြည်တော်ကို သွားရောက်ပြီး အပြီးသတ် လျှောက်လဲကြရဖို့ ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org