မအူပင်မှာ စစ်မှုထမ်းသူတွေကိုထောက်ပံ့ဖို့ ငွေကောက်ခံမှုတွေရှိနေကြောင်း ဒေသခံတွေပြော

မအူပင်မြို့နယ်က ရွာတချို့မှာ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့အတွက် အုပ်ချုပ်ရေးအာဏာပိုင်တွေက အိမ်ထောင်စုတစ်စုကို ကျပ်ငါးသောင်းကနေ တစ်သိန်းအထိ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မအူပင်မြို့ကို ၂၀၁၂ ခုနှစ် မတ်လ၂၇ ရက်နေ့က တွေ့ရစဥ်။ Facebook/မအူပင်သတင်းပုံရိပ်

ဧရာဝတီတိုင်း မအူပင်မြို့နယ်က ရွာတချို့မှာ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့အတွက် အုပ်ချုပ်ရေးအာဏာပိုင်တွေက အိမ်ထောင်စုတစ်စုကို ကျပ်ငါးသောင်းကနေ တစ်သိန်းအထိ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်လို့ ဒေသခံတွေ ဇူလိုင်လ ၉ ရက်နေ့မှာ ပြောပါတယ်။

စစ်မှုထမ်းဖို့အတွက် လူစားအငှားထည့်နိုင်ဖို့ ငွေကြေးကောက်ခံတာဖြစ်ပြီး ပံသပွတ်နဲ့ ကံကုန်းကျေးရွာအုပ်စုတွေအပါအဝင် ကျေးရွာအုပ်စု နှစ်ဆယ်ခန့်မှာရှိတဲ့ အိမ်ထောင်စုတွေထံကနေ ငွေကြေးကောက်ခံနေတာလို့ ဆိုပါတယ်။

ကျေးရွာတွေက ရာအိမ်မှူး တစ်ဦးခန့်ထားတဲ့ ရာအိမ်မှူးနယ်မြေတစ်ပိုင်ကို ကျပ်သိန်းတစ်ရာအထိ ငွေစုပေးဖို့ တောင်းခံမှုတွေရှိတာကြောင့် တစ်အိမ်ထောင်ကို အများဆုံး ကျပ်တစ်သိန်းအထိ ထည့်ဝင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ထောင်စုစာရင်းမှာ အသက်ပြည့်ပြီးသားပါရင် တစ်သိန်း။ အသက်ပြည့်ပြီးသား မပါရင် ငါးသောင်းပေးရတယ်။ စစ်မှုထမ်းဥပဒေကို အုပ်ချုပ်ရေးမှူးတွေက တာဝန်ခံယူပြီးတော့ သူတို့က ပွဲစားသဘောမျိုး လုပ်နေတာ။ လူစားထိုးရင် သိန်းတစ်ရာ တောင်းနေတာ။ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် လုပ်စားနေတာ”

စစ်မှုထမ်းအပတ်စဥ် (၁) နဲ့ အပတ်စဥ် (၂) မှာတော့ မအူပင်မြို့နယ်ကနေ ဆန္ဒအလျှောက်ဝင်တဲ့သူတွေရှိသလို ညမထွက်ရ အမိန့်နဲ့ ဖမ်းဆီးထားတဲ့လူငယ်တွေကို အစားထိုးခဲ့တာကြောင့် တစ်အိမ်ကို ကျပ်တစ်သောင်းဝန်းကျင်သာ ထောက်ပံ့မှုပေးရတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းမဲ့သူတွေ နည်းလာတဲ့အတွက် ငွေကြေးတိုးမြှင့်ကောက်ခံတာကြောင့် အခက်အခဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက စစ်မှုတန်းသင်တန်း အမှတ်စဥ် (၃) အထိ ဖွင့်လှစ်ထားပြီး ဒေသတချို့မှာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org