စစ်မှုထမ်းကိစ္စ စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရမှုအတွက် မိသားစုကိုဖမ်းဆီး
2025.02.24

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲမှာ ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်မှုထမ်းအတွက် အာဏာပိုင်တွေက ငွေကြေး ကောက်ခံရာကနေ လူငယ်တစ်ဦးက မကျေမနပ်ဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးကို သေနတ်လုပြီး ပစ်ခတ်ခဲ့မှုအတွက် သူ့ရဲ့မိသားစုကို ချက်ချင်း ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အမာမြို့၊ မြို့မ (၁) ရပ်ကွက်မှာ စစ်မှုထမ်းငှားရမ်းဖို့အတွက် တစ်အိမ်ကို ငွေသုံးသောင်းခွဲကျပ်စီ ကောက်ခံမှုအပေါ် သူတို့အနေနဲ့မတတ်နိုင်ကြောင်း အသက် ၃၀ အရွယ် လူငယ်တစ်ဦးက စစ်တပ်နဲ့ ရဲတွေ အထိုင်ချထားတဲ့ ရေကင်းစခန်း သွားရောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန် ကင်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးနဲ့ အပြန်အလှန် စကားများရာကနေ အဲဒီလူငယ်က သေနတ်ကိုလုယူပြီး ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သုံးသောင်းခွဲဆိုတော့ ငွေက နည်းနည်းလေး များနေတဲ့အခါကျတော့ လူတွေကလည်း မခံချင်တော့ဘူးပေါ့လေ။ စားဝတ်နေရေးက တစ်ဖက်၊ စီးပွားရေး အဆင်မပြေမှုက တစ်ဖက်ဆိုတော့ ညစ်နေကြတာပေါ့။ ညစ်နေတော့ အုပ်ကြီးကို သွားပြောတာ။ များတာတို့ ဘာတို့ သွားပြောတော့ အုပ်ကြီးကလည်း မင်း ငါ့လာမမေးနဲ့ မပေးချင်ရင် တပ်သွားပြောဆိုပြီး အဲဒီရေကင်းကို လွှတ်လိုက်တာ။ ဟိုကောင်လေးက အဲဒီရေကင်းကို သွားပြောတော့မှ ဘယ်လိုတွေ စကားများလည်း မသိဘူးပေါ့ကွာ။ လုံးကြတာ။ လုံးလည်း လုံးရော စစ်သားကောင်က ရေထဲ ပြုတ်ကျသွားတယ် ပြောတယ်။ ရေထဲ ပြုတ်ကျသွားတော့ အဲဒီကင်းတဲပေါ်က သေနတ်ကိုယူပြီး ကျည်ထိုးပြီးတော့ ပစ်တာ။ နှစ်ချက် ပစ်တာတဲ့။ ပေါင်မှန်သွားတယ်”
ပစ်ခတ်မှုဖြစ်ပြီးနောက် အဲဒီလူငယ်က သေနတ်နဲ့ ကျည်ဆန်တချို့ကို လုယူထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က သူ့ရဲ့ဇနီးနဲ့ ဆယ်နှစ်အရွယ်ကလေးကို ချက်ချင်းဖမ်းဆီးပြီး စစ်တပ်ဝင်းထဲကို ပို့ဆောင်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။
သေနတ်ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီ တပ်သားကိုတော့ ဖျာပုံမြို့နယ် ဆေးရုံမှာ ဆေးကုသမှု ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာတုန်းကလည်း ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲအတွင်းက အောင်ကုန်း၊ လေးပင်ချောင် အပါအဝင် ရွာပေါင်း ခုနစ်ရွာမှာ စစ်မှုထမ်းအတွက် လူစားထိုးဖို့ဆိုပြီး တစ်အိမ်ထောင်ကို ငွေကျပ်လေးသောင်းစီ ကောက်ခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။