ဒုတိယပင်လုံညီလာခံခေါ်ရေးု ၈၈ မျိုးဆက်ကျောင်းသားများထောက်ခံ

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဒုတိယပင်လုံ ညီလာခံခေါ်ယူရေး၊ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA) (RFA)

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး အတွက် လက်ရှိရွေးကောက်ပွဲ ဝင်ကြမဲ့ တိုင်းရင်းသား ပါတီတွေနဲ့ တခြား နိုင်ငံရေးအင်အားစုတွေကပါ အလေးထား ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင် ကိုစိုးထွန်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်အတွက် အရေးအကြီးဆုံး၊ အခြေခံကျကျ အလိုအပ်ဆုံး အရာကတော့ ကျွန်တော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်တယ်၊ အခုလို ကျွန်တော်တို့ အရေးကြီးဆုံး တည်ဆောက်ရမဲ့ လိုအပ်နေတဲ့ အချိန်မှာ ကလေးမြို့ ကြေညာစာတမ်းကို သဘောတူ ကြေညာပြီးတော့ ထုတ်ပြန်နိုင်တာ ဒါ တကဲ့ကို ကောင်းတဲ့ လိုအပ်ချက်တခု ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ အပြည့်အဝ ထောက်ခံပါတယ်။”

ပြည်တွင်းမှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုစိုးထွန်းပြောသွား တာ ဖြစ်ပါတယ်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ အန်အယ်ဒီခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဝါရင့်နိုင်ငံရေး သမားကြီးတွေ စုပေါင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org