အကြမ်းဖက်ဖြိုခွဲမှုအတွက် အရေး ယူပေးဖို့ ဖမ်းဆီးခံကျောင်းသား ၆၀ နီးပါး တောင်းဆို

လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရဲအရာရှိတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့အညီ အရေးယူအပြစ်ပေးဖို့ ဖမ်းဆီး ခံကျောင်းသား ၅၈ ဦးက လက်မှတ်ရေးထိုးပြီး သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရဲအရာရှိတို့ကို ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူအပြစ်ပေးဖို့ ဖမ်းဆီးခံကျောင်းသား ၅၈ ဦးက လက်မှတ်ရေး ထိုးပြီး သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်း ခံနေရတဲ့ ကျောင်းသားတွေကို တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးစဉ် ကျောင်းသားတွေ စုပေါင်းလက်မှတ်ရေးထိုး တင်သွင်းလိုက်တာဖြစ်ကြောင်း ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

"ဒီနေ့မှာလည်း ကျမတို့ ကျောင်းသား ၅၈ ယောက်က ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ ရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ရယ်၊ နောက်ဒုရဲမှူးးတို့ကို ပြစ်မှုဆိုင်ရာဥပဒေနဲ့ အရေးယူပေးဖို့ လက်မှတ်ရေးထိုးပြီးတော့ တရားခွင်မှာပဲ တင်လိုက်ပါတယ်၊ သပိတ်ဖြိုခွင်းတဲ့နေရာမှာ ရဲတွေက သူတို့လုပ်ပိုင်ခွင့်အာဏာကို ပိုပြီးသုံးတယ်ပေါ့နော်၊ နံပါတ်တုတ်တွေနဲ့ရိုက်တယ် ထောင်ထဲမှာလည်း ဆေးကုသခံနေရတဲ့လူတွေလည်း အများကြီးရှိတယ်ပေါ့နော်၊ အပြင်းအထန် နာကျင်ထိခိုက်မှုတွေလည်းရတယ်ပေါ့၊ နောက်ကားတွေလည်း ပျက်စီးတယ်ပေါ့၊ အဲဒီ့အတွက်ကြောင့်မို့ ဒီလူတွေမှာတာဝန်ရှိတယ်၊ တာဝန်ရှိတဲ့လူတွေကို ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူပေးဖို့ လျှောက်တာပါရှင့်"

ဖမ်းဆီးခံကျောင်းသားအများစုဟာ ကျန်းမာရေးအတော်ဆိုးရွားနေကြတယ်လို့လဲ သိရပါတယ်။ ဒီကနေ့ ရုံးထုတ်ရာ ကို သွားရောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်ဥပဒေနောက်ဆုံးနှစ် ကျောင်းသူ မဟန်နီဦးရဲ့ဖခင် ဦးထွန်းဦး က ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ သူတို့ကို ရုံးထုတ်စစ်ဆေးတဲ့အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"အမှုကတော့ တလွဲတချော်တွေပေါ့နော်၊ ရဲထွက်ချက်တွေက တော်တော်ဆိုးပါတယ်၊ အဓိကက ကျောင်း သားတွေ ကျန်းမာရေး တော်တော်ဆိုးကြတယ်၊ အရင်ခံခဲ့ရတဲ့လူတွေအားလုံးက ပြန်ပြီးပေါ်လာတယ် ဗျ၊ ထောင်က လုံးဝတာဝန်မယူဘူး၊ နောက်ဆုံးလုံခြုံရေးကို အကြောင်းပြပြီးတော့ ဆေးဝါးကုသတာကို အထဲမှာထားပြီး ဆေးထိုးတဲ့အဆင့်မျိုးလုပ်တယ်၊ မနေ့ညက ဟန်နီဦးတို့နဲ့အတူရှိတဲ့ ကလေးမလေးတစ်ယောက် ကျန်းမာရေးမကောင်းတော့ သူကိုဆေးသွင်းရတယ်၊ ဟန်နီဦးကိုယ်တိုင်ကလည်း အဆုတ်ပွတဲ့သဘောမျိုးဖြစ် ပြီးတော့ အန်တယ်ဗျာ၊ ချောင်းတွေဆိုးပြီး လည်ချောင်းက အသက်ရှူကြပ်ကြပ်နေတယ်"

ကျောင်းသားတွေကို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ကျန်းမာရေးဆိုးရွားနေသူတွေကို မိသားစုတွေ က ဆေးကုသခွင့်ရဖို့အတွက် ဖမ်းဆီးခံကျောင်းသားမိဘတွေအားလုံး တိုင်ပင်ပြီး ထောင်အာဏာပိုင်ကို တောင်း ဆိုသွားဖို့ရှိတယ်လို့လည်း ဦးထွန်းဦးက ပြောပါတယ်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြ ခဲ့ကြတဲ့ ကျောင်သားသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ပြီးနောက် လက်ရှိမှာ ကျောင်းသားကျောင်းသူ ၅၈ ဦး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရဆဲ ဖြစ်ပါတယ်။

ဒီအတောအတွင်း လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူ တို့ကို ဒီကနေ့ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကို စစ်ဆေးခဲ့ပါတယ်။ တရားလိုဘက်က ကျောင်းသား ၂ဦးဟာ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေကြောင်း တင်ပြရာမှာ အထောက်အထားမခိုင်လုံဘူးလို့ ကျောင်းသားတွေရဲ့ ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။ ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် တရားလိုအဖြစ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကို စတင်စစ်ဆေး ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်တို့ဟာ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ကနေ ထွက်သွားဖို့ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ မြို့တော်ခန်းမရှေ့ထိ တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org