ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ဖို့ စည်းဝေး

ရန်ကုန်တက္ကသိုလ် ပရဝုဏ်ထဲမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ယခင်နေရာမှာ ပြန်လည် ဆောက်လုပ်ခွင့် ရဖို့အတွက် မျိုးဆက်အလိုက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေး တစ်ရပ်ကို ဒီကနေ့ ရန်ကုန်မြို့တစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ) RFA

ဒီအစည်းအဝေးဟာ ရန်ကုန်တက္ကသိုလ် ရှင်သန် ဖွံဖြိုးရေး၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် ဆောက်လုပ်ရေးတို့နဲ့ ပတ်သက်ပြီး (၆) ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက RFA ကို ပြောပါတယ်။

"ဒီနေ့က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံဖြိုးရေးနဲ့ တကသအဆောက်အအုံ ပြန်လည် တည်ဆောက်ရေး အဖွဲ့ရဲ့ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို လုပ်တယ်။ ဒီအဖွဲ့မှာတော့ မျိုးဆက်လိုက် ကျောင်သားတွေပေါ့လေ၊ နောက်ပြီးတော့ သီးသန့်တာဝန် ယူထားတဲ့ ကော်မတီအလိုက် တာဝန်ယူထားတဲ့ လူတွေစုံစုံ ညီညီတက်ရောက်တယ်။ ဒီအစည်းအဝေးကနေပြီးတော့ သတ္တမအကြိမ်မြောက် အစည်းအဝေးကို ၂ ပတ်လောက် အကြာမှာ ကျင်းပဖို့အတွက် စဉ်းစားကြတယ်"

ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ၁၉၆၂ ၊ ၇၄၊ ၈၈ နဲ့ ၂၀၀၇ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗိုလ်ချုပ်ကြီး နေဝင်း စစ်အစိုးရက မိုင်းခွဲ ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသား အဖွဲ့အစည်းတွေကိုလည်း တရားမဝင် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org