စစ်ကိုင်းတိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် သုံးရာထက်မနည်း ပျက်စီး

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ မုံရွာ၊ ဆားလင်းကြီးမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်သုံးရာထက်မနည်း ပျက်စီးသွားပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် ပျက်စီးခဲ့သည် လူနေအိမ်များအား ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့က တွေ့ရစဉ်။ ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

Updated 3:35 PM May 2,2024

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ မုံရွာ၊ ဆားလင်းကြီးမြို့နယ်တွေမှာ မေလ ၁ ရက် မနေ့ညနေက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဘာသာရေး အဆောက်အအုံတွေအပါအဝင် နေအိမ်သုံးရာထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ ထန်းတောရပ်ကွက်က အမျိုးသားတစ်ဦး သေဆုံးပြီး လူသုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ပေးဆပ်သူ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သေဆုံးတာတော့ ထန်းတောရပ်ကွက်ထဲက အသက် ၁၂ နှစ်သားကလေးပေါ့နော်။ အိမ်ထဲနေရင်းနဲ့ သွပ်ပြားလွင့်ရှပြီး သေသွားတာ။ သစ်ပင်ပိလို့ ဒဏ်ရာရတာကတော့ ကျွန်တော်တို့သိရသလောက် သုံးဦးတော့ ရှိတယ်ဗျ”

နေအိမ်တွေပေါ်ကို သစ်ပင်လဲတာတွေအပြင် လျှပ်စစ်မီးကြိုးလိုင်းတွေနဲ့ ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ရွာငါးရွာက နေအိမ် နှစ်ရာကျော်နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ တဲအိမ်တွေပါ ပျက်စီးသွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“လေတိုက်တာက ဆယ့်ငါးမိနစ်လောက်ပဲ ဖြစ်လိုက်တယ်။ မိုးသီးကျတယ်၊ မိုးရွာတယ်ပေါ့။ လက်လှမ်းမီသလောက်ကတော့ ရွာပေါင်း ငါးရွာလောက် ပျက်စီးတာပေါ့။ ပြီးတော့ ဘုန်းကြီးကျောင်းတွေ စေတီတွေရောပေါ့။ စစ်ဘေးရှောင်တဲတွေဆိုရင်လည်း အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ဘူးလေ။ ထန်းရွက်တဲလေးတွေပေါ့။ ရှစ်ဆယ်လောက်ရှိတာက ကိုးဆယ်ရာခိုင်နှုန်းလောက် အနည်းနဲ့အများ ထိခိုက်ပျက်စီးတာရှိတယ်”

ဒီပဲယင်းမြို့နယ် သရက်ကန်ရွာက နေအိမ် တစ်ရာကျော်၊ ကိုင်းကန်ရွာက နေအိမ် ၁၃၀ ဝန်းကျင်နဲ့ မအုံး၊ တည်တောနဲ့ မြင်းတန့်ရွာတွေက နေအိမ်တစ်ချို့ အမိုးအကာ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မုံရွာမြို့မှာတော့ သစ်ပင် အများအပြားလဲတာ၊ ဘာသာရေး အဆောက်အအုံနဲ့ နေအိမ်တွေ၊ လျှပ်စစ်မီးဓာတ်တိုင်တွေပါ ပျက်စီးခဲ့တယ်လို့ မုံရွာမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တော်တော်များများ အပင်တွေလဲတယ်၊ အိမ်တွေပေါ် ပိတယ်။ လမ်းတွေပေါ် ကျတယ်ပေါ့။ အဲဒါလေးတွေ လိုက်ပြီးတော့ ကူညီပေးနေရပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ လိုက်လံရှင်းလင်းရတာတော့ အိမ်ခြေ နှစ်ဆယ်လောက်ရှိမယ်။ မုံရွာတစ်မြို့လုံးဆိုရင်တော့ အိမ်ခြေ လေးဆယ်ကျော်ပေါ့”

မုံရွာမြို့ပေါ်မှာ မေလ ၂ ရက် ဒီနေ့မနက်ပိုင်းမှာ မီးသတ်တပ်ဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ရှင်းလင်းဆောင်ရွက်ပေးနေရဆဲလို့ ပြောပါတယ်။

ဒါ့အပြင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာအုပ်စုမှာလည်း လေပြင်းကြောင့် နေအိမ် လေးဆယ်ခန့်နဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ တဲအိမ် ဆယ်လုံးခန့် ပျက်စီးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ကန်တဲရွာမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၇၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အဲဒီရွာခံတွေနဲ့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး မိုးတိမ်အားကောင်းတဲ့ ဒေသတွေမှာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၉ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့တွင် လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း ပေးဆပ်သူ လူမှုကူညီရေးအသင်း၏ ပြောကြားချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org