မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲ ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ကစပြီး SSPP နဲ့ RCSS တို့ အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့အထိ ဒေသခံ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ထပ်မံထွက်ပြေးရပါတယ်။ ဒေသခံတွေကတော့ ကိုဗစ်ကပ်ဘေးနဲ့ စစ်ဘေးကို တပြိုင် တည်းကြုံတွေ့နေရလို့ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာနေကြရတယ်လို့လည်း ဒုက္ခသည်အရေး အကူအညီပေးနေ သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းကိုင်မြို့နယ်မှာ RCSS နဲ့ SSPP တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဥ် Photo: tai freedom

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ ၂၁၀၀ ကျော်အထိရှိနေပြီလို့ ဒေသ ခံတွေက ပြောပါတယ်။ ဒေသခံတွေကတော့ ကိုဗစ်ကပ်ဘေးနဲ့ စစ်ဘေးကို တပြိုင်တည်းကြုံတွေ့နေရလို့ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာနေကြရတယ်လို့လည်း ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မနက်ပိုင်းက ဟိုခဲကျေးရွာအုပ်စုအတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွား ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀၀ ခန့်ဟာ ဟိုခိုင်းကျေးရွာကို ကနဦးစတင်ထွက်ပြေးခဲ့ကြ ရတာပါ။

အဲဒီနောက် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဟိုခိုင်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ကြလို့ အဲဒီရွာကို ထွက်ပြေးရောက်ရှိနေတဲ့ဒေသခံတွေနဲ့ ဝမ်လုံ၊ ဝမ်ကမ်း၊ နောင်မွန်း၊ ဝမ်ကောင်း၊ ဝမ်လင်း၊ ပန်လင်း၊ နမ့်မော်အုတ်၊ ဝန်ကျန့်၊ နမ့်အွမ်၊ နောင်နန်းစတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတွေပါ နောင်လျဲန်ရွာဘက်ကို ဆက်လက်ထွက်ပြေးခဲ့ကြရပါတယ်။

နောင်လျဲန်ရွာကို ထွက်ပြေးရောက်ရှိနေသူတွေဟာ ဒီနေ့အထိဆိုရင် လူပေါင်း ၂၁၀၀ ခန့်ရှိနေပြီဖြစ်သလို နောက်ထပ်လည်း ထွက်ပြေးလာသူတွေရှိနေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေတဲ့  နောင်လျဲန်ရွာသူ နန်းဌေးရီ က ပြောပါတယ်။

သူတို့ပြေးလာတာက နှစ်ရက် သုံးရက်ရှိပြီဆိုတော့ အစားအသောက်လည်း နည်းနည်းခက်ခဲတယ်ရှင့်။ မိုးတွင်းဆိုတော့ မိုးကာတို့ဘာတို့လည်း လိုတယ်ရှင့်။ မတည်ငြိမ်သေးဘူးရှင့်။ တချို့ဆို တုန်လောဘက်တို့၊ မိုင်းကိုင်ဘက်တို့၊ နမ့်လန်ဘက်တို့ သူတို့အမျိုးတွေ လာခေါ်သွားတဲ့သူတွေလည်းရှိတယ်ရှင့်။ အတိအကျ မသိသေးဘူးရှင့်။ ရွာတိုင်းတော့ပြေးတယ်ရှင့်။ ရွာစာရင်းအရတော့ အကုန်လုံးထွက်လာတယ်ရှင့်။ လူဦးရေ ကတော့ နောင်လျော်က ၄၀၀ ကျော်တယ်ရှင့်။ မန်ကောင်းမူးက ၂၀၀ ကျော်တယ်ရှင့်။ စာသင်ကျောင်း ထဲမှာကော ဘုန်းကြီးကျောင်းထဲမှာကော ဘုန်းကြီးကျောင်းအပြင်ဘက်မှာ ခြံစည်းရိုးနားမှာ ထော်လာဂျီ တွေရပ်ပြီး တဲတွေဘာတွေမိုးကာတွေနဲ့ ဆောက်ပြီးနေကြတာပေါ့။ စာရင်းအရတော့ ၂၀၀၀ ကျော်ရှိပြီရှင့်။ ထွက်သွားတဲ့သူတွေပဲ မသိသေးတာ စာရင်းပြုစုနေတုန်းရှင့်

ထွက်ပြေးလာသူတွေထဲမှာ မသန်းစွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အများစုပါဝင်နေပြီး စားစရာနဲ့ အခင်းတွေ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

RCSS တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းစံခမ်း ကတော့ သူတို့တပ်ဖွဲ့ထိန်းချုပ်ရာနေရာကို SSPP တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာလို့ RFA ကို ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ RFA က SSPP ပြောခွင့်ရသူတွေကို ဖုန်းနဲ့ဆက်သွယ်နေပေမယ့် အကြောင်း မပြန်သေးပါဘူး။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး - မိုင်းနောင် လမ်းပိုင်း လွိုင်ဟုန်းတောင်ကြောတလျှောက်မှာ အလားတူတိုက်ပွဲတွေ တစ်လနီးပါးဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲကြောင့် ဒေသခံ ၄၀၀၀ ကျော်အထိ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီးနောက် ပြီးခဲ့တဲ့လလောက် ကမှ နေရပ်ပြန်ခဲ့ကြရတာပါ။

ကျောက်မဲမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းက တိုက်ပွဲတွေပြန်ဖြစ်လို့ မိုင်းတင်း၊ နမ့်စော့၊ မန်ခါ၊ နားမွန်၊ ပန်လော့၊ ပြိန်းခါး၊ ကြူရှောမြောက်ရွာနဲ့ မြို့ပေါ်တွေမှာ ရွာခံ ၁,၅၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

အဲဒီထဲက ကျောက်မဲနဲ့ နှစ်မိုင်လောက်ဝေးတဲ့ မန်ခါးကျေးရွာအုပ်စု မန်ကျောင်းရွာမှာ ရောက်ရှိနေတဲ့ စစ်ရှောင် ၂၈၀ ကျော်ထဲက ၁၄၆ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထား ရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

"အစားအသောက်လည်း နည်းနည်းခက်ခဲတယ်ရှင့်။ မိုးတွင်းဆိုတော့ မိုးကာတို့ဘာတို့လည်း လိုတယ်ရှင့်"

ဒါကြောင့် စစ်ဘေးရော ကပ်ရောဂါဘေးကိုပါ တစ်ပြိုင်နက်ရင်ဆိုင်နေရတဲ့ ဒေသခံတွေဟာ အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ မန်ခါးကျေးရွာ စစ်ဘေးရှောင်စခန်းတာဝန်ခံ နန်းမွေခေါင် က ပြောပါတယ်။

ကိုဗစ်ကူးစက်ခံရတာက ၁၄၆ ဦးရှိတယ်။ ဆေးရုံဆင်းတာက ၁၀ ယောက်။ ဒီအတိုင်းပဲ ဖျားတယ်။ ကျန်းမာရေးကလာစစ်တော့ ကိုဗစ်ပေါ့စတစ် ထွက်သွားတာ။ ရောဂါကူးစက်ခံရတာက လွယ်ကုန်ဘက် ကပဲ။ အခုရှိတာက ပန်ဟုန်းနဲ့ လွယ်ကုန်ရွာပဲ ကျန်တော့တာ။ ကိုဗစ်ပေါ့စတစ်ထွက်တော့ အလှူရှင်တွေ က နည်းသွားတယ်။ တစ်ရက်ကို တစ်ယောက် နှစ်ယောက်ပဲ လာတော့တယ်။ ဆန်ဆိုလည်း တစ်ပိုင်း လောက်ပဲ ရတော့တာ။ ဆန်က တစ်ရက်ကို သုံးပိုင်းကျော်ကျော်လောက်ကုန်တယ်။ အခုတော့ ကြိမ်ကိုင် က နှစ်အိမ်ပြန်သွားတော့ ၂၈၇ ယောက်လောက်ကျန်မယ်

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေစတင်ပြီး ဖြစ်ပွားလာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ ကြောင့် တိုက်ပွဲဖြစ်ရာကျေးရွာတွေက ဒေသခံတွေနစ်နာနေတဲ့အတွက် တိုက်ပွဲတွေရပ်စဲရေး နှစ်ဖက်တပ်တွေ ညှိနှိုင်းဖို့ ရှမ်းပါတီတွေ၊ သံဃာတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပေမဲ့ ပြေလည်မှုမရဘဲ တိုက်ပွဲတွေ ဆက် ဖြစ်နေတာပါ။

နှစ်ဖက်တပ် ပြောခွင့်ရသူတွေကတော့ လက်နက်ကိုင်နှစ်ဖွဲ့ကြား နယ်မြေအငြင်းပွားမှု၊ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေသေးဘူးလို့ RFA ကို ပြောဆိုထား ကြပါတယ်။

(ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေကို စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်) Photo: CJ

တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိနိုင်ငံအတွင်းမှာ ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှု ကိုကြုံနေချိန် အခုလို တိုင်းရင်းသားအချင်းချင်းတိုက်နေတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

အဲဒါက ရှမ်းလူထုကို လှုံ့ဆော်စည်းရုံးမှု၊ ပလောင်လူထုကို လှုံဆော်စည်းရုံးမှုအတွက် ရှမ်းနိုင်ငံရေးပါတီ (SNLD) တို့၊ ပလောင်နိုင်ရေးပါတီတို့အနေနဲ့ လူထုကိုစည်းရုံးပြီးတော့ ရပ်တန့်ခိုင်းဖို့ နည်းတစ်နည်းပဲ ရှိတယ်။ အခုက ပလောင်နိုင်ရေးအင်အားစုကော ရှမ်းနိုင်ငံရေးအင်အားစုကပါ အဲကိစ္စနဲ့ပတ်သက်ပြီး အဲကိစ္စအတွက် ကြိုးဝိုင်းကနေပဲဆွေးနွေးတာ။ လူထုလှုပ်ရှားမှုအနေနဲ့ လူထုက ဒီကိစ္စကိုဆန့်ကျင်တယ်၊ မထောက်ခံဘူးဆိုတဲ့ ဖိအားပေးတဲ့အဆင့်ထိ မရောက်ဘူးဗျ။ ဆိုတော့ ကျွန်တော့်အနေနဲ့ အဲကိစ္စကို ဇောင်းပေးပြီးတော့ လုပ်စေချင်တာပေါ့ဗျာ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲမြို့နယ်တွေနဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ မိုင်နောင် စတဲ့မြို့နယ်တွေမှာလည်း ၂၀၁၅ ခုနှစ် နှောင်းပိုင်းကစလို့ အခုနှစ်အထိ နယ်မြေ အငြင်းပွားမှုအပေါ်အခြေခံတဲ့  ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲအတွင်းမှာ နှစ်ဖက်စလုံးက အကျဆုံးရှိသလို ဒေသခံတွေရဲ့ အိုးအိမ်ပျက်စီးတာတွေနဲ့ အရပ်သား သေဆုံးတာတွေလည်း မကြာခဏရှိနေတာပါ။

အခုလအတွင်းမှာလည်း ရှမ်းပြည်နယ်အတွင်းက ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု အတွင်းမှာ ရှမ်းလက်ကိုင်အဖွဲ့အချင်းချင်း စစ်ရေးတင်းမာနေသလို ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ လဲချာ၊ မိုင်းနောင်၊ မိုင်းကောင်မြို့နယ်တွေအတွင်းမှာလည်း စစ်ရေးတင်းမာနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org