အဖွဲ့အားလုံးပါဝင်ရေး တပ်မတော်ဆန္ဒရှိကြောင်း SSPP ကို ပြော


2019.02.26
sspp-army-622.jpg SSPP/SSA ခေါင်းဆောင်တွေနဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ၂၀၁၉ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတွေ့ဆုံစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး VK

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ပြီး ဘယ်အဖွဲ့အစည်းမှမကျန်အောင် ဆောင်ရွက်ဖို့ တပ်မတော်ဘက်က သဘောထားရှိကြောင်း မနေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ တာဝန်ရှိသူတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်းမှ မကျန်ခဲ့အောင်လုပ်ဆောင်နေပြီး အခြေအနေတစ်ခုစောင့်ဖို့ ပြောခဲ့တယ်လို့  SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် က RFA ကို ပြောပါတယ်။

တပ်မတော်ဘက်က SSPP ကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA လမ်းကြောင်းအတိုင်းသွားဖို့နဲ့ အဲဒီကမှတဆင့် ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ဖို့ တိုက်တွန်းခဲ့ပြီး SSPP ဘက်ကတော့ တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်မှ လက်ခံနိုင်မှာ ဖြစ်ကြောင်း တုံ့ပြန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ဘက်က အားလုံးပါဝင်ရေးဆောင်ရွက်မယ်ဆိုတာကို လက်တွေ့ဘယ်လို အကောင်အထည် ဖော်မယ်ဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောပါတယ်။

မနေ့ကဆွေးနွေးပွဲမှာ တပ်မတော်က အပစ်အခတ် ရပ်စဲထားတဲ့ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS နဲ့ SSPP တို့ကြားတိုက်ပွဲဖြစ်ပွားတာတွေဟာ မသင့်တော်ကြောင်း နဲ့ SSPP အနေနဲ့လည်း မလွှဲမရှောင်သာ အခြေအနေတွေမှာ တိုက်ပွဲဖြစ်တာလို့ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။