SNLD ကျားခေါင်းပါတီ တည်ထောင်တာ နှစ် ၃၀ ပြည့် တောင်ကြီးမှာ ကျင်းပ

SNLD ကျားခေါင်းပါတီ တည်ထောင်တာ နှစ် ၃၀ ပြည့်တဲ့ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းခန်းမမှာ ကျင်းပတဲ့ SNLD ကျားခေါင်းပါတီ နှစ် ၃၀ ပြည့်တဲ့ အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - စိုင်းကျော်ညွန့်

SNLD ကျားခေါင်းပါတီ တည်ထောင်တာ နှစ် ၃၀ ပြည့်တဲ့ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်နေ့ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တည်ထောင် တာ နှစ် ၃၀ ပြည့်ဖြစ်ပါတယ်။

ဒီနေ့ ပထမနေ့ ဖွင့်ပွဲအခမ်းအနားမှာ SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးက မိန့်ခွန်းပြောကြားခဲ့သလို နှစ်ပေါင်းများစွာ ပါတီ အတွက် စွန့်လွှတ်အနစ်အနာခံခဲ့ကြတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သစ္စာရှင်ဆုနဲ့ သူရဲကောင်း ဆုတံဆိပ်တွေ ကိုလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မမှိတ်မသုံ ရှေ့ဆက်လှမ်းသွားမှာဖြစ်သလို ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နှစ် ၃၀ ပြည့် အခမ်းအနား ရည်မှန်းချက်နဲ့ ပတ်သက်ပြီး SNLD တွဲဖက် အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့်က RFA ကို ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နာယက ဗိုလ်ချုပ် ဆေထင်လည်း ဒီနေ့ ဖွင့်ပွဲနေ့ကို တက်ရောက်ခဲ့ပြီး မနက်ဖြန်မှာလည်း မိတ်ဖက်နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

အရင်နှစ်တွေက ပါတီတည်ထောင်တဲ့ နှစ်ပတ်လည်နေ့တွေကို ရန်ကုန်မြို့နဲ့ တခြားဒေသတွေမှာ ကျင်းပခဲ့ပေမယ့် နှစ် ၃၀ ပြည့် အခမ်းအနားကိုတော့ နိုင်ငံရေး အနှစ်သာရအပြည့်နဲ့ ပြုလုပ်ချင်တဲ့အတွက် ရှမ်းပြည်နယ် တောင်ကြီး မြို့ကို ရွေးချယ်တာလို့ ပြောပါတယ်။

SNLD ပါတီဟာ ၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှာ နေရာအများဆုံး အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ရှမ်းပြည်နယ်မှာ ဒုတိယ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org