ဦးခွန်ထွန်းဦးကို ပါတီက နုတ်ထွက်ခွင့်မပြုနိုင်ဘူးလို့ ကျားခေါင်းပါတီ ခေါင်းဆောင်တွေ ပြော
ပါတီကနေ နုတ်ထွက်ခွင့်တောင်းထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဟာ ပါတီအတွက် အလွန်အရေးပါတဲ့သူဖြစ်တာကြောင့် နုတ်ထွက်ခွင့်ပေးဖို့ မရှိကြောင်းနဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီက လက်ရှိအချိန်အထိ အဲဒီကိစ္စကို ဆွေးနွေးတာ မရှိသေးကြောင်း SNLD ပါတီ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
-
2018-09-27 -
-
-
ပါတီကနေ နုတ်ထွက်ခွင့်တောင်းထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဟာ ပါတီအတွက် အလွန်အရေးပါတဲ့သူဖြစ်တာကြောင့် နုတ်ထွက်ခွင့်ပေးဖို့ မရှိကြောင်းနဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီက လက်ရှိအချိန်အထိ အဲဒီကိစ္စကို ဆွေးနွေးတာ မရှိသေးကြောင်း SNLD ပါတီ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပတဲ့ NLD ပါတီ တည်ထောင်တဲ့ နှစ် ၃၀ ပြည့်အခမ်းနားကို တက်ရောက် အပြီးမှာ SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြောသွားတာဖြစ်ပါတယ်။
SNLD တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း ဦးခွန်ထွန်းဦးရဲ့ ကျန်းမာရေးအရ ခေတ္တအနားယူ တာမျိုးကို လက်ခံကြပေမယ့် ပါတီရဲ့ မရှိမဖြစ်သူဖြစ်တာကြောင့် လုံးဝနုတ်ထွက်ခွင့်မပြုနိုင်ဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ပါတီကနေ နုတ်ထွက်ခွင့်ပြုဖို့ ဦးခွန်ထွန်းဦးက စာတင်ခဲ့တာဖြစ်ပြီး SNLD ဗဟိုအလုပ်မှုဆောင် အစည်းဝေးက ဆုံးဖြတ်ပြီးမှသာ သူ့ကို နုတ်ထွင်ခွင့်ပြုမှာဖြစ်တယ်လို့ SNLD ကျားခေါင်းပါတီ ခေါင်းဆောင်တွေက ပြောခဲ့တာတွေရှိပါတယ်။
ဦးခွန်ထွန်းဦးဟာ အခုဆို အသက် ၇၅ နှစ်ကျော်ရှိနေပြီဖြစ်ပြီး SNLD ပါတီမှာ နှစ်၃၀ကြာ ပါတီဥက္ကဋ္ဌတာဝန် ယူခဲ့သူဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ၁၉၈၈ ခုနှစ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို စတင် ထူထောင်သူတွေထဲမှာ ဦးခွန်ထွန်းဦး ပါဝင်ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး ပူတာအိုထောင်မှာ ၆ နှစ်ကြာ အကျဉ်းကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဦးခွန်ဦးဟာ စစ်အာဏာရှင် ဦးနေဝင်းလက်ထက်က အကြောင်းအရင်း သေသေချာချာမသိရဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သီပေါစော်ဘွား စပ်ကြာဆိုင်ရဲ့ တူတော်စပ်သူဖြစ်တယ်လို့ သိရပါတယ်။