နိုင်ငံရေးမရိုးသားမှုကြောင့် ပြည်တွင်းစစ် ရှည်ကြာနေကြောင်း SNLD ထုတ်ပြန်
အာဏာရှင်စနစ်နဲ့ သူ့ရဲ့ ထောက်တိုင်တွေကို အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကြေညာချက် ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-10-26 -
-
-
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လက်မခံတဲ့ အာဏာရှင်အဆက်ဆက်ရဲ့ နိုင်ငံရေးကလိမ်ကျမှုကြောင့် မြန်မာ့ပြည်တွင်းစစ်ဟာ ကမ္ဘာ့စံချိန်တင် ရှည်ကြာနေတာဖြစ်ကြောင်း၊ အာဏာရှင်စနစ်နဲ့ သူ့ရဲ့ ထောက်တိုင်တွေကို အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကြေညာချက် ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ SNLD ဖွဲ့စည်းခြင်း ၃၆ နှစ်ပြည့် အခမ်းအနားအပြီးမှာ ထုတ်ပြန်လိုက်တာပါ။
မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်ကိုမှ ထပ်မံအုပ်စိုးခွင့်မရအောင် ကျွန်တော်တို့ ကြိုးစားနေကြတာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအမှန်တကယ်လိုလားတဲ့ ဒီမိုကရေစီဘက်တော်သား အစုအဖွဲ့တွေအားလုံး ဘက်တစ်ဖက်ထဲမှာ ခိုင်ခိုင်မာမာ စုပေါင်းရပ်တည်ကြဖို့လိုအပ်ကြောင်း SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က အခမ်းအနားမိန့်ခွန်းမှာ ပြောကြားပါတယ်။
တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းလဲဘဲ၊ အုပ်ချုပ်သူလူတစ်စု ပြောင်းလဲရုံနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်မှာ မဟုတ်ကြောင်း၊ တိုင်းပြည်ပြဿနာကို ပြည်သူလူထုထိခိုက်မှု အနည်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောဆိုပြီး လူထုအုပ်ချုပ်ရေး အစစ်အမှန်ပေါ်ပေါက်ရေးကို လက်တစ်လုံးခြားပြုကာ အာဏာရှင်စနစ်သက်ဆိုးရှည်ရေး ကြိုးပမ်းမှုတွေကို မျက်နှာဖုံးခွာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
SNLD အနေနဲ့ နိုင်ငံရေးမိတ်ဆွေတွေနဲ့အတူ လက်တွဲပြီး ပြည်သူတွေရဲ့ဆန္ဒအတိုင်း ပြည်သူလူထုနဲ့ ထိုက်တန်တဲ့ အခြေအနေရောက်အောင် အစဉ်တစိုက်ကြိုးပမ်းနေကြောင်းနဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီမိတ်ဖက်အချင်းချင်း လက်တွဲဆောင်ရွက်သွားဖို့ ကတိသစ္စာပြုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။