စစ်တွေတက္ကသိုလ်က သမဂ္ဂရုံးခန်းတွေ ဖယ်ရှားဖို့ ဖိအားပေးခံနေရ
စစ်တွေတက္ကသိုလ်က ကျောင်းသားများသမဂ္ဂနဲ့ ဆရာများသမဂ္ဂရုံးခန်းနေရာတွေကို ဖယ်ရှားပေးဖို့ တက္ကသိုလ်အာဏာပိုင်တွေက စေခိုင်းနေပါတယ်။
- 2022-02-26
-
-
-
ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်က ကျောင်းသားများသမဂ္ဂနဲ့ ဆရာများသမဂ္ဂရုံးခန်း နေရာတွေကို လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြီးဖယ်ရှားပေးဖို့ တက္ကသိုလ်အာဏာ ပိုင်တွေက ဖိအားပေးစေခိုင်းနေတယ်လို့ ကျောင်းသားများသမဂ္ဂ (စစ်တွေတက္ကသိုလ်) က ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီရုံးခန်းနေရာတွေကို မဖယ်ရှားပေးဘဲ အတိုက်အခံလုပ်ခဲ့ရင် ရခိုင်ပြည်နယ် အနောက် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ဖြေရှင်းခိုင်းမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဖော်ပြထားပါတယ်။
"လက်ရှိ ကျောင်းသားများသမဂ္ဂ (စစ်တွေတက္ကသိုလ်) အနေဖြင့် အခွင့်သာသော အခြေ အနေတစ်ခုတွင် ရှိမနေပါသဖြင့် အာဏာရှင်လက်ပါးစေတို့၏ လုပ်ရပ်များရှောင်လွှဲရန် အတွက် ရုံးပြောင်းရွှေ့ခြင်းများ ပြုလုပ်တော့မည်ဖြစ်ပါသည်" လို့ ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
စစ်တွေတက္ကသိုလ်ထဲက Rest Center (နားနေစင်တာ) တွေ ပြန်ဖွင့်လှစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂ ရုံးခန်းတွေကို ဖယ်ရှားပေးဖို့ တက္ကသိုလ်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့က နှုတ်နဲ့အကြောင်းကြားထားတာ ဖြစ်ပါတယ်။
ဒီအတွက် ရုံးခန်းနေရာကို ပြန်အစားပေးဖို့ မရှိသလို ရုံးခန်းနေရာ ပြန်လည်ချထားနိုင်ဖို့ ပူးပေါင်းညှိနှိုင်းခဲ့ပေမယ့်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာမရှိဘူးလို့ ရေးသား ထားပါတယ်။
ကျောင်းသားများသမဂ္ဂနဲ့ ဆရာများသမဂ္ဂတို့ဟာ ဥပဒေအရ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် စစ်တွေတက္ကသိုလ်ထဲကနေ အကြောင်းပြချက်မဲ့ ဖယ်ရှားတာဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုထားပြီး တည်ဆဲဥပဒေ ချိုးဖောက်ရာလည်း ရောက်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သမဂ္ဂတာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။