စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရဲကင်းစခန်းအနီးက နေအိမ်တွေ ဖြိုဖျက်ရွှေ့ပြောင်းခံရ

စစ်တွေမြို့ စက်ရုံစုရပ်ကွက် နာဇီရွာ ရဲကင်းစခန်းအနီးဝန်းကျင်ရှိ အိမ်နှစ်ဆယ်ခန့်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာပိုင်တွေက ဖယ်ရှားခိုင်းတာကြောင့် ဖြိုဖျက်ဖယ်ရှားပေးလိုက်ရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တစ်နေရာကို တွေ့ရစဥ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် နာဇီရွာ ရဲကင်းစခန်းအနီးဝန်းကျင်မှာရှိတဲ့ နေအိမ်နှစ်ဆယ်ခန့်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာပိုင်တွေက ဖယ်ရှားခိုင်းတာကြောင့် ဖြိုဖျက်ဖယ်ရှားပေးလိုက်ရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

ရဲကင်းစခန်း ပတ်ပတ်လည်က နေအိမ် နှစ်ဆယ်ခန့်ကို နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်အထိ သုံးရက်အတွင်းမှာ အပြီးဖြိုဖျက် ဖယ်ရှားပေးလိုက်ရတာကြောင့် မိသားစုသုံးဆယ်ခန့် နေစရာမရှိဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက ပြောင်းရွှေ့ရမဲ့နေရာ မစီစဉ်ပေးတာနဲ့ အစားထိုးမြေနေရာချထားပေးတာတွေ မရှိတဲ့အတွက် နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ အသိဆွေမျိုးတွေဆီကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ နေအိမ်ဖယ်ရှားပေး လိုက်ရသူ တစ်ဦးက ပြောပါတယ်။

“အခုကတော့ ဖျက်ရမဲ့အိမ်တွေအကုန်လုံးလိုလို ဖျက်ပြီးပါပြီ။ တချို့လည်း ဖျက်တဲ့ သစ်တို သစ်စတွေ ရောင်းတဲ့သူ ရောင်းတယ်။ ယူသွားတဲ့သူလည်း ယူသွားတယ်။ ရွှေ့တာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နီးစပ်ရာကို ပြောင်းကြရတာပါ”

လက်ရှိမှာတော့ အဲဒီရဲကင်းစခန်း ပတ်ပတ်လည်မှာ အကာအရံတွေ၊ ကတုတ်ကျင်းနဲ့ ပစ်ကျင်းတွေ တူးနေတာကို တွေ့မြင်ရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

နေအိမ်တွေ ပြောင်းရွှေ့ခိုင်းတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်တွေမြို့ ပတ်ပတ်လည်ကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်ရေးတင်းမာနေပြီး မြို့ဆင်ခြေဖုံး ရပ်ကွက်တွေဘက်မှာတော့ ပစ်ခတ်သံတချို့ မကြာခဏ ကြားရတယ်လို့လည်း စစ်တွေမြိုခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့ကို ခံစစ်အခိုင်အမာ ပြင်ဆင်ထားပြီး မြို့တွင်းလုံခြုံရေး တင်းကျပ်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ AA တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတဲ့ အချိန်တစ်နှစ်အတွင်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org