စစ်တွေမှာ မိုင်း ၃ လုံး ပေါက်ကွဲ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် ခြံဝနဲ့ အဲဒီအနီးက ပြည်နယ်မြေစာရင်းရုံးရှေ့မှာ ဒီနေ့မနက် ၄ နာရီကျော်အချိန်က မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ မြေစာရင်းရုံးရှေ့လမ်းကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် ခြံဝနဲ့ အဲဒီအနီးက ပြည်နယ်မြေစာရင်းရုံးရှေ့မှာ ဒီနေ့မနက် ၄ နာရီကျော်အချိန်က မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။

နောက်ထပ် မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

"ကျနော်တို့ ဆက်ပြီးတော့ ရှင်းလင်းတဲ့အခါမှာ နယ်မြေစာရင်းရုံးရှေ့မှာ ပလတ်စတစ်ခြင်းနဲ့ ထည့်ထားတဲ့ မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံး တွေ့ရှိရပါတယ်။ အဲတော့ အားလုံး သုံးလုံးပေါက်ကွဲပြီးတော့ မပေါက်ကွဲသေးတဲ့ မိုင်း သုံးလုံး တွေ့ရှိတာဖြစ်ပါတယ်"

အခုလိုပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စစ်တွေမြို့လမ်းမကြီး ပြည်တော်သာ ရပ်ကွက်ဘက်ကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ပြီး မိုင်းရှင်းလင်းရေးတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့မနက်က ပေါက်ကွဲခဲ့တဲ့မိုင်းဟာ လက်လုပ်မိုင်းဖြစ်ပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခဲ့တာလို့ ယူဆရကြောင်း အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေရဲ့ နောက်ဘက်နေအိမ်ခြံဝ သံတံခါးမကြီးဟာ လွင့်ထွက်သွားခဲ့ပြီး မော်တော်ကားနဲ့ နေအိမ်တံခါးပေါက်မှန်အချို့ ပျက်စီးခဲ့ပါတယ်။

ပေါက်ကွဲတဲ့အပိုင်းအစတွေကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အဲဒီအနီးမှာနေထိုင်တဲ့ ဒေသခံအချို့ အနည်းငယ် ပွန်းရှဒဏ်ရာတစ်ချို့ရခဲ့တာရှိပေမယ့် စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာမှာတော့ တစစီကြေမွပျက်စီးသွားတဲ့ မော်တော်ဆိုင်ကယ်တစ်စီးကိုတွေ့ရပြီး တရားရုံးကားဂိုဒေါင်နဲ့ ရုံးပြတင်းပေါက်မှန်တွေကို ထိမှန်ခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ကို စွပ်စွဲမှုတွေရှိနေပါတယ်။ ဒါပေမဲ့ AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကတော့ ဒီပေါက်ကွဲမှုဟာ သူတို့အဖွဲ့က လုပ်ဆောင်တာမဟုတ်ဘူးလို့ ပြောပါတယ်။

စစ်တွေမြို့မှာတော့ အဲဒီဖောက်ခွဲမှုကြောင့် လုံခြုံရေးကိုတိုးမြှင့်ချထားပါတယ်။ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေး ချမ်းရေးနဲ့ ဒေသဖံ့ွဖြိုးရေးဆောင်ရွက်နေတဲ့အချိန်မှာ အခုလိုဖြစ်ခဲ့တာဟာ အစိုးရလုပ်ငန်းတွေမှာ အနှောင့် အယှက်ဖြစ်သလို ပြည်သူတွေအတွက် အခက်အခဲတွေ ရှိတယ်လို့ ဝန်ကြီးချုပ် ဦးညီပုက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ရိုးမဘဏ်အနီးမှာ ဒေသန္တရမိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး ဘဏ်ဝန်ထမ်းအမျိုးသမီး ၂ ဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်ဖောက်ခွဲမှု လုပ်ရပ်ဟာ အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေကြောင်း၊ အများပြည်သူနေရာဌာနတွေ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် မိုင်းဖောက်ခွဲမှုလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org