ရွှေပြည်သာမှာ မီးလောင်မှုကြောင့် လူတစ်ရာကျော် အိုးမဲ့အိမ်မဲ့ဖြစ်
ရွှေပြည်သာမြို့နယ် အမှတ် (၁၂) ရပ်ကွက်မှာ ဧပြီလ ၂၉ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ် နှစ်ဆယ်ခန့် မီးလောင်ပျက်စီးခဲ့ပြီး လူတစ်ရာကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-30 -
-
-
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် (၁၂) ရပ်ကွက်မှာ ဧပြီလ ၂၉ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ် နှစ်ဆယ်ခန့် မီးလောင်ပျက်စီးခဲ့ပြီး လူတစ်ရာကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်တွေဟာ မဉ္ဇူသကလမ်းနဲ့ ဗေဒါလမ်းထောင့် မြေကွက်အလွတ်မှာ မြေငှားပြီး အိမ်ဆောက်နေထိုင်ကြတဲ့ သွပ်မိုးပျဥ်ခင်း အိမ်ငယ်လေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထင်းမီးကတစ်ဆင့် မတော်တဆ မီးလောင်ခဲ့တာဖြစ်ပြီး နာရီဝက်အကြာမှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
“နေ့ခင်း ၁၂ နာရီလောက်မှာ စလောင်တာပေါ့။ ထင်းမီးက စလောင်တာပါ။ သိပ်တော့ မကြာလိုက်ဘူး။ မီးသတ်ကားတွေ ရောက်လာပြီး နာရီဝက်လောက်အကြာမှာပဲ မီးက သေသွားတယ်”
မီးဘေးသင့်ပြည်သူ တစ်ရာကျော်ကို လူမှုကူညီရေးအသင်းတွေက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချပေးထားပြီး ထောက်ပံ့ကူညီပေးနေတယ်လို့ ဆိုပါတယ်။
အခုလို ပူပြင်းတဲ့ကာလမှာ လျှပ်စစ်မီး မမှန်တာကြောင့် ထင်းမီးနဲ့ ထမင်းဟင်းချက်ပြုတ်တာ မီးဘေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့လည်း ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ နိုင်ငံတစ်ဝန်းမှာ ဧပြီလနဲ့ မေလအတွင်း နေ့အပူချိန် အမြင့်မားဆုံး ခံစားရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။