ရွှေတိဂုံဘုရား တပေါင်းပွဲတော်မှာ အဖြူရောင်တွဲလက်များ ဈေးရောင်း
ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ရွှေတိဂုံဘုရား တပေါင်းပွဲတော်မှာ ကျောင်းသားနဲ့ လူငယ်အဖွဲ့ ဆယ်ဖွဲ့လောက်ပေါင်းပြီး “အဖြူရောင်တွဲလက်များ”ဆိုတဲ့အမည်နဲ့ ကချင်ပြည်နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် ဈေးရောင်းပွဲ ကျင်းပနေတယ်လို့ သတင်းရပါတယ်။
-
2012-02-28 -
-
-
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား တပေါင်းပွဲတော်တွင် “အဖြူရောင်တွဲလက်များ”အမည်နှင့် ကချင်ပြည်နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် ဈေးရောင်းပွဲ ကျင်းပနေစဉ်။
Photos courtesy of Cherry Soe Myint
ရွှေတိဂုံ အနောက်ဘက်မုခ်မှာ တစ်ဆိုင်၊ သွေးဆေးကန်နားမှာ တစ်ဆိုင် ဖွင့်ထားပြီး စာအုပ်စာတမ်းတွေ၊ တီရှပ်နဲ့ ကချင်ရိုးရာပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၇ ရက်ထိ ရောင်းချနေတာပါ။ ကချင်ရိုးရာ အမျိုးသားဝတ် လုံချည်တွေ၊
အမျိုးသမီးဝတ် ထဘီတွေ၊ ပုဂံတိုက်ထုတ် စာအုပ်တွေနဲ့ စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်တွေ၊ တချို့စာရေးဆရာတွေ လာပေးထားတဲ့စာအုပ်တွေ ပါဝင်ကြောင်း ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အာအက်ဖ်အေကို ပြောပါတယ်။
ဒါ့အပြင် ပန်းချီဆရာတွေက လာတဲ့ဧည့်သည်တွေအတွက် တစ်ပုံကို ကျပ်နှစ်ထောင်နှုန်းနဲ့ ပုံတူပန်းချီ ချက်ချင်းဆွဲပေးနေပြီး အဲဒီရငွေ အားလုံးကိုလည်း စစ်ဘေးဒုက္ခသည်တွေအတွက် လှူလိုက်တယ်လို့ သိရပါတယ်။
အခု သုံးရက်အတွက် ဆိုင်နှစ်ဆိုင်ပေါင်း ရောင်းလို့ရတဲ့အမြတ်ငွေ လေးသိန်းလောက်ရှိနေပြီး ဈေးရောင်းပွဲမပြီးခင်မှာ ကချင်ပြည်နယ်ကိုသွားဖို့ စီစဉ်ထားတယ်လို့ ဈေးရောင်းပွဲကို ဦးစီးနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘိုဘိုက ပြောပါတယ်။