ရွှေဘိုမြို့နယ်က မွတ်စလင်ရွာအပါအဝင် ရွာနှစ်ရွာ မီးရှို့ခံရ
ညောင်ပင်သာရွာဟာ အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ရွာကြီးဖြစ်သလို ကံသာကုန်းကတော့ အိမ်ခြေ ၁၅၀ ခန့် ရှိပြီး လက်ရှိမှာ ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် အိမ်ခြေဘယ်လောက် မီးလောင်ဆုံးရှုံးတယ် ဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
- 2022-11-29
-
-
-
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာနဲ့ မွတ်စလင်တွေ အများစုနေထိုင်တဲ့ ကံသာကုန်းရွာကို နိုဝင်ဘာလ ၂၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ညောင်ပင်သာရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ ညောင်ပင်သာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ကံသာကုန်းရွာကို ဝင်ရောက်စီးနင်း မီးရှို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနက်ပိုင်းမှာ ၁၂ ဘီးကားတစ်စီးနဲ့ စကစ အင်အား ၄၀ လောက်လာချတယ်။ ပြီးတော့ ဘေးနားက ပျူတွေနဲ့ ပေါင်းပြီးတော့ ညောင်ပင်သာကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ပစ်ပြီး ဝင်လာတယ်ပေါ့။ မနက် ၁၀ နာရီခွဲ လောက်တော့ ရွာကိုမီးရှို့နေတယ်။ အခုလောလောဆယ်တော့ ကံသာကုန်းရွာကို မီးတင်နေတယ်။ ကံသာကုန်း ကတော့ မွတ်စလင်ရွာ”
ညောင်ပင်သာရွာဟာ အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ရွာကြီးဖြစ်သလို ကံသာကုန်းကတော့ အိမ်ခြေ ၁၅၀ ခန့် ရှိပြီး လက်ရှိမှာ ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် အိမ်ခြေ ဘယ်လောက် မီးလောင်ဆုံးရှုံးတယ် ဆိုတာတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
နှစ်ရွာပေါင်းမှာရှိတဲ့ ဒေသခံငါးထောင်လောက်လည်း ဘေးလွတ်ရာကို ချက်ချင်း ထွက်ပြေးတိမ်းရှောင် နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာမျိုးမလုပ်ဘူး လို့ RFA ကို အရင်က ဖြေဆိုထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေရတဲ့အခါ ကူညီထောက်ပံ့ တာတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။