ရွှေညဝါဆရာတော် သာဓုကျောင်းတိုက်က ထွက်ခွာ
ရွှေညဝါဆရာတော် ဦးပညာသီဟ ဟာ သီတင်းသုံးနေထိုင်ရာ ဗုဒ္ဓတက္ကသိုလ် သာဓုကျောင်းတိုက်ကနေ ဒီကနေ့ မွန်းလွဲပိုင်းက စတင် ထွက်ခွာပြီး မှော်ဘီမြို့ သဲအင်းဂူအနီး ကျောင်းမြေမှာ ခေတ္တ သီတင်းသုံးနေပြီ ဖြစ်ပါတယ်။
-
2012-02-19 -
-
-
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ သံဃာ့ မဟာနာယက အဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ ဆရာတော်ကို သာဓုကျောင်းတိုက်ကနေ တလအတွင်း ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့တာပါ။ ဆရာတော်အနေနဲ့ မှော်ဘီ သဲအင်းဂူအနီး မြေပြင်မှာ ယာယီတဲကျောင်း ဆောက်လုပ်ပြီး
သီတင်းသုံးမှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ရွှေညဝါဆရာတော်ဟာ မထွက်ခွာခင်မှာ ဒါယိကာ၊ ဒါယိကာမ အပေါင်းရဲ့ နှုတ်ဆက်ပူဇော်ပွဲ အခမ်းအနားကို သာဓုကျောင်းတိုက်မှာ မနက်ပိုင်းက ကျင်းပပါတယ်။ အဲဒီ အခမ်းအနားကို ရဟန်းသံဃာ တော်တွေ၊ သီလရှင်တွေနဲ့ ဧည့်ပရိသတ် ထောင်နဲ့ချီပြီး တက်ရောက်ခဲ့သလို ဆရာတော် ကျောင်းက ထွက်ခွာတဲ့အချိန် လမ်းတလျှောက်မှာလည်း လိုက်ပါ ပို့ဆောင် နှုတ်ဆက်ကြတယ်လို့ ကိုယ်တိုင် ပို့ဆောင်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျက ပြောပါတယ်။
ရွှေညဝါဆရာတော် ခေတ္တ သီတင်းသုံးနေထိုင်မယ့် မှော်ဘီကျောင်းဝင်း အနီးမှာ အရပ်ဝတ် ထောက်လှမ်းရေးတွေက မနက်ကတည်းက စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။