ပူတာအိုမှာ ကျောင်းသုံးဗလာစာအုပ်တွေ ပြတ်လပ်
ပူတာအိုခရိုင်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပေမယ့် ကျောင်းသုံးဗလာစာအုပ်တွေ ပြတ်လပ်နေတဲ့အတွက် ကျောင်းသားကျောင်းသူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-06-04 -
-
-
ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပေမယ့် ကျောင်းသုံးဗလာစာအုပ်တွေ ပြတ်လပ်နေတဲ့အတွက် ကျောင်းသားကျောင်းသူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ဇွန်လ ၄ ရက်နေ့မှာ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ပူတာအိုခရိုင်ကိုလာတဲ့ ကုန်သွယ်ရေးကားလမ်းတွေ ပြတ်တောက်နေပြီး အခြေခံစားကုန်နဲ့ လောင်စာဆီတွေ ရှားပါးနေသလို ကျောင်းသုံးပစ္စည်းတွေလည်း ရှားပါးပြတ်လပ်နေတာလို့ ဆိုပါတယ်။
လက်ရှိမှာ ကျောင်းသုံးဗလာစာအုပ် တစ်အုပ်ကို ကျပ်လေးထောင်ခန့်အထိ ဈေးတင်ရောင်းချနေပေမယ့် စာအုပ်တွေ ပြတ်လပ်နေလို့ ဝယ်ယူဖို့ခက်ခဲနေတယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျောင်းမှာလည်း စာအုပ်တွေ ဘာမှမရှိဘူး။ အခုရောင်းတဲ့ တစ်ဒါဇင် လေးသောင်း၊ လေးသောင်းခွဲဆိုတာ လက်ရေးလှစာအုပ်တွေ။ အဲဒါတောင် အရင်နှစ်က ကျန်တဲ့ဟာတွေ။ အခုက ဝယ်ဖို့တောင် ခက်လာပြီ”
ကားလမ်းဆက်သွယ်ရေး ပြတ်တောက်နေတာနဲ့ လေယာဥ်လက်မှတ်ခ ဈေးနှုန်းကြီးမြင့်နေတာကြောင့်လည်း ပူတာအိုမြို့နယ်က စာသင်ကျောင်းတွေထံ ကျောင်းဖွင့်ချိန်မှာ နယ်ဝေးက ပညာရေးဝန်ထမ်းတချို့ မလာရောက်တော့တာကြောင့် ဆရာ၊ ဆရာမ မလုံလောက်မှုတွေ ရှိနေတယ်လို့ သူကပြောပါတယ်။
ဒီအပြင် စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ရွာတွေဘက်ကနေ မြို့ပေါ်ကို ကျောင်းလာတက်ရမဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း ကျောင်းမသွားနိုင်တော့ဘဲ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ပူတာအိုခရိုင် နောင်မွန်ဒေသခံ တစ်ဦးကတော့ ဗလာစာအုပ် ပြတ်တောက်တဲ့အပြင် ကျောင်းသုံးဖတ်စာအုပ်လည်း ကျောင်းသားတွေ မရကြဘူးလို့ ပြောပါတယ်။
“ကျောင်းက မနေ့ကတည်းက ဖွင့်ပြီ။ စားအုပ်တွေကတော့ ပြတ်နေပြီ။ ကျောင်းက စာအုပ်တွေ ဝေပေးတာမရှိဘူး။ ကျောင်းသုံးစာအုပ်လည်း ဆရာကိုင်ပဲရှိတယ်။ ကျောင်းသားတွေက စာအုပ်မရှိကြဘူး”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မြစ်ကြီးနား-ပူတာအို လမ်းပေါ်က ဆွမ်ပရာဘွမ်မြို့မှာ မေလလဆန်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့တွက် နှစ်ဖက်တပ်ကတွေက လမ်းတွေပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ လမ်းပိတ်ထားတဲ့ အခြေအနေကြောင့် အခြေခံစားကုန်ဖြစ်တဲ့ ဆန်တစ်အိတ်ကို ကျပ် သုံးသိန်းကျော်ထိ စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။