ထားဝယ်မှာ အခြေခံစားသောက်ကုန်တချို့ ပြတ်လပ်
ထားဝယ်-ရန်ကုန် ကားလမ်းမှာ တံတားနှစ်စင်း မိုင်းခွဲခံရပြီးနောက် ကုန်စည်စီးဆင်းမှု နှေးကွေးနေတာကြောင့် ထားဝယ်မြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာပြီး ဝယ်ယူရခက်ခဲလာပါတယ်။
-
RFA Burmese
2024-05-31 -
-
-
ထားဝယ်-ရန်ကုန် ကားလမ်းမှာ တံတားနှစ်စင်း မိုင်းခွဲခံရပြီးနောက် ကုန်စည်စီးဆင်းမှု နှေးကွေးနေတာကြောင့် ထားဝယ်မြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာပြီး ဝယ်ယူရခက်ခဲလာတယ်လို့ ဒေသခံတွေက မေလ ၃၁ ရက်မှာ ပြောပါတယ်။
ရန်ကုန်ဘက်ကသယ်ယူရတဲ့ ဆန်၊ ဆီ၊ အသီးအရွက်နဲ့ အခြေခံစားကုန်တွေ ဈေးကွက်ထဲ မဝင်တော့တာ တစ်ပတ်ကျော်လာတာကြောင့် လက်ကျန်ကုန်ပစ္စည်းတွေ ဈေးတက်သွားသလို တချို့ကုန်ပစ္စည်းတွေက ပြတ်လပ်သွားတာလို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ကုန်စည်တွေကတော့ ရှားပါးလာတယ်။ မြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေ ဝယ်ရခက်နေတယ်။ နဂိုကတည်းက ခက်ခဲနေတဲ့အခြေအနေမှာ အခုပိုခက်ခဲလာတဲ့ အခြေအနေဖြစ်နေတယ်။ ဘီးလင်းတံတားတို့ ဖောက်ခွဲခံရပြီးအချိန်မှာ ကုန်စည်စီးဆင်းမှု ပိုပြီးခက်လာတယ်”
ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က ဘီးလင်းမြို့နယ်ထဲမှာရှိတဲ့ ကျုံအိတ်တံတားနဲ့ မစောတံတားတို့ဟာ မေလ ၁၁ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေက မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ကုန်သွယ်မှု ယာယီပြတ်တောက်ခဲ့သလို လက်ရှိမှာလည်း ပြန်လည်ပြင်ဆင်ထားတဲ့ နေရာတွေကနေ ကုန်ကားကြီးတွေ အလှည့်ကျ ဖြတ်သန်းနေရတာကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေတာပါ။
ဒီအခြေအနေတွေကြောင့် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာလည်း စားသောက်ကုန်ပစ္စည်းအချို့ ဝယ်ယူလို့မရတော့ဘဲ ပြတ်လပ်နေပြီး စျေးနှုန်းတွေကလည်း တစ်ရက်ထက်တစ်ရက် မြင့်တက်နေတယ်လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။
“အခုဒီနယ်ဘက်မှာ ဝယ်ရခက်နေတာက ရန်ကုန်ကနေသယ်တဲ့ ဟင်းသီးဟင်းရွက်အများစုက ရန်ကုန်ကနေ ကားမဆင်းနိုင်တော့ ဒီဘက်မှာ ပြတ်လပ်မှုရှိတယ်။ လုံးဝကို ဝယ်လို့မရတဲ့ အနေအထားရှိတယ်။ စားသောက်ကုန်တချို့ဆိုလည်း မရှိတော့ဘူး။ ရန်ကုန်ကနေ ဆင်းတဲ့ကုန်ပစ္စည်းတွေ ဒီမှာ ပြတ်လပ်နေတယ်။ ထားဝယ်မှာ ကုန်သည်တချို့က သိုလှောင်ထားတွေရှိတော့ အခုလောလောဆယ် အဆင်ပြေနေသေးတယ်။ ဒါပေမဲ့ နောက်တစ်ပတ် နှစ်ပတ်လောက် ကြာတဲ့အထိ ကားမဆင်းရဘူးဆိုရင် ဒီမှာပစ္စည်းက အကုန်ပြတ်သွားနိုင်တယ်။ စျေးက တစ်နေ့နဲ့တစ်နေ့ စျေးတောင် မတူဘူး။ ဒီနေ့က ၂၅၀၀ ဆိုရင် နောက်နေ့ ၃၀၀၀ ဖြစ်ရင် ဖြစ်သွားတယ်။ တစ်ခါတလေ တစ်ရက်ထဲမှာတောင် စျေးက တက်နေတာ”
အခြေခံစားကုန်တွေ ပြတ်တောက်နေတဲ့အပြင် ရန်ကုန်ကနေလာတဲ့ စက်သုံးဆီသယ်ယာဥ် (ဆီဘောက်ဆာ) တွေ လမ်းခရီးမှာ ကျန့်ကြာနေတာကြောင့် တနင်္သာရီနဲ့ မွန်ပြည်နယ်က မြို့နယ်တချို့မှာ စက်သုံးဆီရှားပါးမှု ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။