ရှန်ဂရီလာဆွေးနွေးပွဲမှာ မြန်မာပြည်အရေး ဆွေးနွေး

ရှန်ဂရီလာ ဆွေးနွေးပွဲမှာ “မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မတူညီတဲ့ ချဉ်းကပ်မှုတွေကြား သံတမန်ရေးဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်နဲ့ မြန်မာပြည်အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် မြန်မာပြည်အရေး ဆွေးနွေးနေသည့် ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan အား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ IISS/Screen Capture

စင်ကာပူနိုင်ငံမှာ မေ ၃၁ ရက်နေ့က စတင်ကျင်းပတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ “မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မတူညီတဲ့ ချဉ်းကပ်မှုတွေကြား သံတမန်ရေးဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်နဲ့ မြန်မာပြည်အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က မြန်မာပြည်ပဋိပက္ခမှာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအားလုံး အထူးသဖြင့် စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ် အကာအကွယ်ပေးရေးကို အဓိကဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာ ရပ်တန့်အောင် စစ်တပ်ကို ဖိအားပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆက်လက်တိုက်တွန်းသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူ (ဥရောပသမဂ္ဂ) အထူးကိုယ်စားလှယ် Igor Driesmans က မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှုစတင်ကတည်းက အီးယူက ကန့်ကွက်ခဲ့ကြောင်း၊ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မြန်မာပြည်သူတွေကို ဆက်လက်ကူညီနေမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်လုပ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အဓမ္မစစ်သားစုဆောင်းတာတွေ၊ ရိုဟင်ဂျာတွေအပေါ် တင်းမာမှုတွေဖြစ်အောင် သတင်းအမှားတွေ၊ အမုန်းစကားတွေ ဖြန့်ဝေနေကြောင်းနဲ့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် အာဆီယံ ချမှတ်ထားတဲ့ မူငါးရပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်လိုစိတ်မရှိတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ အီးယူအထူးကိုယ်စားလှယ်ကတော့ ချက်ချင်းအပစ်ရပ်စဲပြီး ပါဝင်ပတ်သက်သူအားလုံး ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိတယ်ဆိုတာကို ပြသဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာပြည် အနာဂတ်ပုံစံနဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝန်းက ဘယ်လိုကူညီမလဲဆိုတာတွေကို မလေးရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားအထူးသံတမန်ရုံး အကြီးအကဲ တို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျု IISS က ဦးဆောင်ကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲကို ဇွန် ၂ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org