မိုင်းရှူးမြို့နယ်က မဲရုံတွေကို မဖျက်သိမ်းဖို့ ကော်မရှင်ဆုံးဖြတ်
မဲဆန္ဒရှင် ၄၄၀၀ ရှိတဲ့ ရှမ်းပြည်နယ် မိုင်းရှူး မြို့နယ်က ကျေးရွာအုပ်စု ၃ ခုက မဲရုံတွေကို ဖျက်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တင်ပြထားပေမယ့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က မဖျက်သိမ်းဖို့ ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
-
2017-03-25 -
-
-
မဲဆန္ဒရှင် ၄၄၀၀ ရှိတဲ့ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က ကျေးရွာအုပ်စု ၃ ခုက မဲရုံတွေကို ဖျက်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တင်ပြထားပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဖျက်သိမ်းဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ ဝင်ရောက်အရွေးချယ်ခံမယ့် ပါတီတွေရဲ့သဘောထားကို ရယူရာမှာ မဲရုံတွေ မပိတ်သိမ်းဖို့ သဘောထားပေးခဲ့တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစိုင်းထွန်းမြ က ပြောပါတယ်။
"၃ ပါတီကတော့ ကျနော်တို့ သဘောထားတောင်းတဲ့အခါကျတော့ မပိတ်သိမ်းသင့်ဘူးပေါ့။ ဘာလို့လဲ ဆိုတော့ ၂၀၁၅ တုန်းကလည်း ဒီလူတွေဟာ မဲမပေးလိုက်ရဘူး။ အခုကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ မှာ ပိတ်သိမ်းလိုက်မယ်ဆိုရင် အားလုံး နစ်နာမယ်ပေါ့။ နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ကလည်း မပိတ်သိမ်းဖို့အတွက် အဆိုပြုကြတယ်။ အဲဒီတော့ ကျနော်တို့က UEC ကိုတင်ပြတယ်။ UEC ကလည်း အများသဘောအတိုင်းပဲ မပိတ်သိမ်းဘူးဆိုပြီး ပြန်ပြီးတော့မှ ချပေးလိုက်တယ်"
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က ကွန်ကျောင်း၊ နောင်အက်နဲ့ မော်မေ့ ကျေးရွာအုပ်စုတွေက မဲရုံတွေကို လုံခြုံရေးအခြေအနေအရ ဖျက်သိမ်းပေးဖို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီကျေးရွာအုပ်စု ၃ ခုမှာ မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း ၄၄၀၀ ကျော်ရှိတဲ့အတွက် မဲဆန္ဒနယ်တစ်ခုလုံးရဲ့ ၁၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
အဲဒီမဲရုံတွေကို မဖျက်သိမ်းဘဲ မူလနေရာနဲ့ ၄ မိုင်လောက်ကွာဝေးတဲ့ နေရာတွေမှာ မဲရုံတွေကို ပြောင်းရွှေ့ ဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အဲဒီဒေသတွေမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွတ်လပ်စွာမဲဆွယ် စည်းရုံးနိုင်ကြောင်း နဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်မှာ လုံခြုံရေးအခြေ အနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။
မိုင်းရှူးမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဝ,လစ်ဘရယ်ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ ဖြစ်ပါတယ်။