နယ်မြေရှင်းလင်းရေးတွေကြောင့် ဒေသခံတွေ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်ဆာလုံကျေးရွာအုပ်စု၊ ဟော်နားကျေးရွာနားမှာ အစိုးရတပ်မတော်က မနေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် ဒေသခံ ၃၅၀ လောက်ဟာ နားဟိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

ရှမ်းပြည်နယ် နားဟိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်ဆာလုံကျေးရွာအုပ်စု၊ ဟော်နားကျေးရွာနားမှာ အစိုးရတပ်မတော်က မနေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် ဒေသခံ ၃၅၀ လောက်ဟာ နားဟိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

ရုတ်တရက် တိမ်းရှောင်ခဲ့ရတာကြောင့် အနွေးထည်နဲ့ စောင်တွေမပါလာတဲ့အတွက် နေထိုင်ရေးအတွက် အခက်အခဲအနည်းငယ်ရှိတယ်လို့ ဟော်နားဒေသခံ ဒေါ်ထားကြည်က ပြောပါတယ်။

"ကျမတို့ မနေ့က မနက်ပိုင်း ၁၁ နာရီ ရောက်တာရှင့်၊ ကျမတို့ ရွာနားလေးမှာ လက်နက်ကြီးတွေ ကျတာ၊ သေနတ်သံတွေလည်းကြား၊ ရွာဘေးနားက လယ်ကွင်းထဲမှာလည်း မိုင်းတွေကျတဲ့အချိန် ကျတော့ ကျမတို့က ကြောက်ပြီးတော့မှ နားဟိုင်းရွာကို ရှောင်ခဲ့တာရှင့်၊ ၃၅၀ ဝန်းကျင်ရှိတယ်ရှင့်၊ ကျမတို့ အခက်အခဲကတော့ ကလေးတွေစောင် မဖူလုံတာရယ်ပဲ၊ စားတာသောက်တာတော့ နားဟိုင်း ဥက္ကဌက အကုန်လုံး ကူညီထား တယ်ရှင့်"

ရွာအနားတစ်ဝိုက်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ကျေးရွာဥက္ကဌက ရွာမှာကျန်နေခဲ့ပြီး အတွင်းရေးမှူးနဲ့ ကျန်တဲ့ရွာသားတွေအကုန်လုံးက ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်တယ်လို့  ဒေါ်ထားကြည်က ပြောပါတယ်။

နမ္မတူမြို့နယ်နဲ့ လားရှိုးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မကြာခဏ လှုပ်ရှားသွားလာလေ့ရှိသလို တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်ရလေ့ ရှိပါတယ်။

ဒီလအတွင်း အခုလို ထွက်ပြေးတိမ်းရှောင်ရတာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် ၂ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ် ကလည်း ရွာနားမှာတိုက်ပွဲဖြစ်တာကြောင့် ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ သွားရောက်နေထိုင်ခဲ့ကြရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org