ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ကမ်းလှမ်းရင် ကြားဝင်ညှိနှိုင်းပေးမယ်လို့ ဝ တပ်ဖွဲ့ပြော
ကိုဗစ်ကပ်ရောဂါကာလအတွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး အကူအညီတောင်းခံလာရင် ကြားဝင်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိတယ်လို့ ၀ တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ကာလကြာရှည်ညှိနှိုင်းမှု မပြေလည်သေးတဲ့အချိန်မှာ ဘယ်အဖွဲ့ကမဆို ညှိနှိုင်းရေးကို တရားဝင်ကမ်းလှမ်းလာရင် လက်ခံရမှာဖြစ်တယ်လို့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဘက်က တုံ့ပြန်ကြပါတယ်။
-
ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-07-29 -
-
-
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
Photo: RFA
ရှမ်းပြည်နယ်အတွင်း နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတာ အခုဆို အချိန်ခုနှစ်လ ရှိခဲ့ပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်က နမ္မတူ၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေ အတွင်းမှာ SSPP/TNLA ပူးပေါင်းတပ်နဲ့ RCSS တပ်တွေအကြား ပြီးခဲ့တဲ့ ဇန်ဝါရီလကစပြီး တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။ ရှမ်းပြည်တောင်ပိုင်းဘက်က ကျေးသီး-မိုင်းနောင် ကြားက လွယ်ဟုန်တောင်ကြောမှာလည်း ပြီးခဲ့တဲ့ ဇွန်လကစပြီး SSPP နဲ့ RCSS တပ်တွေအကြား တိုက်ပွဲ တွေ ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အခုဆိုရင် အဲဒီဒုက္ခသည်တွေဟာ ကိုဗစ်ကပ်ရောဂါ စိန်ခေါ်မှုနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားကြီးတဲ့ UWSA ၀ တပ်ဖွဲ့က ဒီတိုက်ပွဲတွေ ရပ်တန့်ရေး နှစ်ဖက်လက်နက်ကိုင်တွေဘက်က ကမ်းလှမ်းလာရင် ကြားဝင်ညှိနှိုင်းပေးဖို့ အဆင်သင့် ရှိနေတယ်လို့ လားရှိုးအခြေစိုက် ၀ ပြည်ပဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရမ်းက RFA ကိုပြောပါတယ်။
“RCSS နဲ့ SSPP ဖြစ်တဲ့ကိစ္စပေါ့ နှစ်ဖက်လုံးမှာ အထိုက်အလျောက် ကျွန်တော်တို့လည်း အချိတ်အဆက် တွေ ရှိပါတယ်ပေါ့နော်။ တကယ်လို့ RCSS သော်လည်းကောင်း SSPP သော်လည်းကောင်း သူတို့နှစ်ဖက် တိုက်ခိုက်မှုကြားမှာ ပစ်ခတ်တိုက်ခိုက်ရပ်စဲမှု အတွက်ပေါ့နော် တွေ့ဆုံဆွေးနွေးဖို့အတွက် ကြားဝင် ပြီးတော့ စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလာတာရှိရင် ကျွန်တော်တို့ လုပ်ဆောင်ပေးလို့ရတဲ့ အနေအထားမှာ ရှိနေပါတယ်ပေါ့နော်”
လက်ရှိနိုင်ငံရေး အကျပ်အတည်းနဲ့ ကိုဗစ်ကပ်ရောဂါဆိုးဝါးနေချိန်မှာ စစ်ပွဲတွေကြောင့် ပြည်သူတွေ ထွက်ပြေးရပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်စေချင်ဘူးလို့လည်း ဦးညီရမ်းက ဆိုပါတယ်။
ဒီပြောဆိုမှုအပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSက သူတို့တပ်ဖွဲ့နဲ့ ၀ တပ်ဖွဲ့ကြား ဆက်ဆံရေး လမ်းကြောင်းတွေ ရှိနေပေမယ့် ဒီကိစ္စကို တရားဝင်ပြောလာတာ မရှိသေးပေမယ့် ကြားဝင် ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကြိုဆိုရမှာဖြစ်တယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံ က ပြောပါတယ်။
RCSS နဲ့ SSPP ကြားမှာ နှစ်ဖက်တပ်ကိုယ်စားလှယ်တွေ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းတာ၊ ဒုတိယ အနေနဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကနေ ဆွေးနွေးတာ၊ တတိယအကြိမ်အနေနဲ့ ကြားခံ အဖွဲ့အစည်းနဲ့ ဆွေးနွေးတာ၊ စတုတ္တအနေနဲ့ ရှမ်းပြည်တွင်း၊ ပြည်ပ သံဃာတွေကနေတဆင့် ဆွေးနွေးတာ စတဲ့လမ်းကြောင်း လေးခုနဲ့ ဆွေးနွေးခဲ့ပေမယ့် ဒီနေ့အထိ သဘောတူညီမှုတွေ မရခဲ့ဘူးလို့ RCSS ကပြောပါတယ်။
ဆွေးနွေးမှုမှာ SSPP ဘက်က နယ်မြေပိုင်းခြားမှုဖြစ်တဲ့ RCSS တပ်ဖွဲ့ တောင်ပိုင်းပြန်ဆုတ်ရေးကို အဓိကထား ဆွေးနွေးပြီး RCSS တပ်ဘက်ကတော့ ရှမ်းပြည်ညီညွှတ်ရေးနဲ့ အမျိုးသားရေးကိစ္စကို အဓိကထား ဆွေးနွေး ကြရာမှာ သဘောတူညီမှုမရဘဲ ဖြစ်နေတာလို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက ပြောပါတယ်။
SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်ကတော့ SSPP နဲ့ RCSS ပြဿနာကို တိုက်ပွဲမဖြစ်ခင် လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကတည်းက ညှိနှိုင်းခဲ့ကြတာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလည်း အကြိမ်ကြိမ် လုပ်ခဲ့ တယ်လို့ ပြောပါတယ်။
ဒေသအတွင်းက လူထုအတွက် ဆက်ကြေးနဲ့ လူသစ်ပေးရတဲ့ ပြဿနာအပါအဝင် မလိုလားအပ်တဲ့ ဝန်ထုပ် ဝန်ပိုးတွေ မဖြစ်အောင် အကြိမ်ကြိမ် တွေ့ဆုံဆွေး နွေးခဲ့ပေမယ့် ကောင်းမွန်တဲ့ရလဒ် မရခဲ့ဘူးလို့ဆိုပါတယ်။ RCSS အနေနဲ့ SSPP တပ်စခန်းတွေကို ထိန်းချုပ်ထားပြီး ဆုတ်ခွာမပေးတာကြောင့် လက်ရှိတိုက်ပွဲတွေ မလွှဲရှောင်သာ ဖြစ်နေရတာလို့ပြောပါတယ်။
အခုလို အချိန်မှာ ၀ တပ်ဖွဲ့တင်မဟုတ်ဘဲ ဘယ်လိုအဖွဲ့အစည်းကမဆို တိုက်ပွဲရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ကြားဝင်ညှိနှိုင်းပေးမယ်ဆိုရင် ကြိုဆိုရမှာဖြစ်တယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောပါတယ်။
“ဒီဟာကို မဖြစ်ခင်ထဲက ကျွန်တော်တို့က စေ့စပ်ညှိနှိုင်းရေး အကြိမ်ကြိမ် လုပ်ခဲ့ပြီးသားဖြစ်တယ်။ ဆယ်နှစ်ကျော်ပေါ့ ကျွန်တော်တို့ လုပ်ခဲ့ပြီးဖြစ်တယ်။ မလွှဲမရှောင်သာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်။ မဖြစ်အောင်လည်း ကျွန်တော်တို့ ကြိုတင်ကာကွယ် ညှိနှိုင်းရေးတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ ဘူးပေါ့နော်။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ ဘယ် အဖွဲ့အစည်း ဖြစ်ဖြစ် ဘယ်လိုပုဂ္ဂိလ်ပဲဖြစ်ဖြစ် ဒါကို အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ဒါကိုအမြဲတမ်း ကြိုဆိုတာပေါ့။ ကျွန်တော်တို့ အဖွဲ့အစည်းကိုယ်တိုင်က ဒါကို ကြိုးစား ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လေ။ ဒါက ကြိုဆိုရမှာပေါ့။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဘယ်နိုင်ငံဖြစ်ဖြစ် ကြားဝင်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ အချိန်မရွေး နေရာဒေသ မရွေးပါဘူး။ ဒါကိုလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်ပေါ့နော်”
နှစ်ဖက်တပ် ညှိနှိုင်းရေးကိစ္စအပေါ် ၀ တပ်ဖွဲ့အနေနဲ့ တရားဝင် ပြောလာတာ မရှိသေးပေမယ့် ဒီလိုပြောဆို လာမယ်ဆိုရင် အပြုသဘောဆောင်တဲ့အနေနဲ့ လက်ခံရမှာ ဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းဘုန်းဟန် က ပြောပါတယ်။
၀ တပ်ဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့နဲ့ ဖွဲ့ စည်းထားတဲ့ FPNCC မှာ ခေါင်းဆောင်အဖြစ် တာဝန်ယူထားတာပါ။
၂၀၁၈ မှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်း ဆက်ကြေးကိစ္စ စစ်တပ်ကို သတင်းပေးတယ်ဆိုပြီး နမ့်ခံ မြို့က အမျိုးသမီးတစ်ဦးကို TNLA က ဖမ်းဆီးထားတဲ့ကိစ္စမှာ ဝ ဦးဆောင်တဲ့ FPNCC နဲ့ SSPP က ကြားဝင် ညှိနှိုင်းမှုကြောင့် ပြေလည်ခဲ့တာတွေ ရှိခဲ့ပါတယ်။
"တင်းမာမှုတွေ လျှော့ချပြီးတော့မှ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်စေတဲ့လမ်းကြောင်းကို ဖော်ဆောင်သင့်တယ်"
လက်ရှိ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားတိုက်ပွဲမှာ ဝ တပ်ဖွဲ့က SSP ဘက်ကနေ ပါဝင်ကူညီနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဝ တပ်ဖွဲ့အနေနဲ့ ဒီကိစ္စမှာ သူတို့မပါဝင် ကြောင်းပြသချင်တဲ့ အနေနဲ့ အခုလို ပြောဆိုလာတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ လက်တွေ့မှာ ကြားဝင် ဆောင်ရွက်ပေးနိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့လည်း နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်တယ်။
“၀ တပ်ဖွဲ့က မြောက်ပိုင်း SSPP ကို ပါဝင်ကူညီ တိုက်ခိုက်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိတာပေါ့ဗျာ။ အဲစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ပါဝင်ကူညီတာ မရှိဘူးဆိုတာမျိုး ငြင်းဆို ထားတာရှိတယ်။ အဲငြင်းဆိုမှုကို ပိုပြီးတော့ ခိုင်မာအောင်လို့ သူတို့က နှစ်ဖက်ကိစ္စမှာ သူတို့က ကြားနေတယ်ဆိုတဲ့ သဘောထားမျိုး ပြချင်တယ်လို့ ကျွန်တော်က ယူဆပါတယ်။ ကျွန်တော်ကတော့ သိပ်ပြေလည်နိုင်မယ်လို့ မထင်ဘူးဗျ။ ဘာလို့လဲဆိုရင် ၀ တပ်ဖွဲ့က SSPP ကို ကူညီနေတယ်၊ အားပေးပြီး ထောက်ခံနေတယ်လို့ RCSS က ယုံကြည်ပြီးတော့ စွပ်စွဲနေတဲ့ အခြေအနေမျိုးတွေလည်း ရှိနေတယ်။ သူတို့အချင်းချင်း နှစ်ဖက်ဆွေးနွေးကြတဲ့ ကိစ္စတွေမှာလည်း ညှိနှိုင်းလို့ မရခဲ့ဘူးဆိုတာလည်း အကြိမ်ပေါင်း များစွာ ရှိနေပြီ”
ရှမ်းပြည်အခြေစိုက် အင်အားကြီးတိုင်းရင်းသာ ပါတီဖြစ်တဲ့ SNLD ကလည်း ရှမ်းတပ်နှစ်ခုကြား တိုက်ပွဲတွေ ရပ်တန့်ဖို့ ဇူလိုင် ၂၆ ရက်နေ့မှာ အချက်လေးချက်ပါ တောင်းဆိုချက်နဲ့ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆို ထားပါတယ်။ ကိုဗစ်ရောဂါကို တိုက်ဖျက်ရေးဝိုင်းဝန်းဖို့၊ ပြည်သူ့အကျိုးစီးပွား ထိခိုက်စေမယ့် အရာတွေကို ရှောင်ဖို့၊ နှစ်ဖက်ရှမ်းတပ်နှစ်ခုကြား ဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အမုန်းစကားတွေနဲ့ သတင်းတု သတင်းမှားတွေ မဖြန့်ဖို့၊ အချင်းချင်း စွပ်စွဲပြစ်တင်တာတွေမလုပ်ဖို့ စတဲ့အချက်တွေကို SNLD ပါတီက တောင်ဆိုထားတာပါ။
ရှမ်းတပ်နှစ်ခုကြား ဘုံရည်မှန်းချက်ဖြစ်တဲ့ ရှမ်းပြည် ဖဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားတဲ့ နေရာမှာ SSPP ဘက်က RCSS အနေနဲ့ ကျူးကျော် ဝင်ရောက်လာတဲ့ နေရာတွေကို ဆုတ်ခွာပေးပြီးမှ နိုင်ငံရေးအရ ဆွေးနွေးနိုင်မယ်လို့ ပြောဆိုထားပါတယ်။
ပြဿနာ ပြေလည်ရေးအတွက်ဆိုရင် လူထုကိုမျက်နှာမူပြီး တိုက်ပွဲရပ်တန့်ဖို့ ဘုံရည်မှန်းချက် တူညီသူတွေ စားပွဲဝိုင်းကို လာဖို့လိုတယ်လို့ ကြားဝင်ညှိနှိုင်းပေးခဲ့သူတွေ အထဲပါဝင်တဲ့ SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
“အဓိကက လူထုကို မျက်နှာမူပြီးတော့မှ ဘုံရည်မှန်းချက်ချင်း တူတဲ့သူတွေ စားပွဲဝိုင်းကို အရင်လာဖို့ လိုအပ်ပါတယ်။ စစ်ပွဲမရပ်ဘဲနဲ့ စားပွဲဝိုင်းကို လာလို့မရဘူး။ စားပွဲဝိုင်းကို လာရုံသက်သက်နဲ့ကလည်း စစ်ပွဲမရပ်လို့ အဓိပ္ပါယ် မရှိဘူးပေါ့နော်။ နှစ်ခုလုံးကို တစ်ပြိုင်တည်းလုပ်ဖို့ဆိုရင်တော့ နှစ်ဖက် သက်ဆိုင်ရာ ခေါင်းဆောင်တွေက သဘောထားတွေ လျှော့ချဖို့လိုအပ်ပါတယ်။ တင်းမာမှုတွေ လျှော့ချ ပြီးတော့မှ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်စေတဲ့ လမ်းကြောင်းကို ဖော်ဆောင်သင့်တယ်လို့ မြင်ပါတယ် ခင်ဗျ”
လက်ရှိမှာ နှစ်ဖက်တပ်တွေ တွေ့ဆုံဆွေးနွေးပြီး ကောင်းမွန်တဲ့ရလဒ်ရဖို့ အရေးကြီးသလို ပြဿနာ ပြေလည်ရေးကို ဘယ်အဖွဲ့ကမဆို စေတနာသန့်သန့်၊ အနှောင်အဖွဲ့ ကင်းကင်းနဲ့ ကြားဝင်ပေးမယ်ဆိုရင်တော့ ကြိုဆိုရမှာဖြစ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
အခုနှစ် ဇန်နဝါရီကစပြီး ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါမြို့တွေမှာ ဒေသခံရာနဲ့ ချီထွက်ပြေးနေရာသလို ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာလည်း ဒေသခံလေးထောင်ကျော် နေရပ်စွန့်ခွာနေရတာပါ။
တိုက်ပွဲကြောင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ နေရပ်စွန့်ခွာရသူ ငါးထောင်လောက် ရှိနေပြီး သူတို့ ရောက်နေတဲ့ ဒေသတွေမှာ ကိုဗစ်ကပ်ရောဂါရဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတာကြောင့် ရှမ်းအချင်းချင်း နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။