ဂီရိမုန်တိုင်းကြောင့် သေဆုံးသူ ၇၀ ကျော် ရှိကြောင်း ရခိုင်ပါတီပြောကြား
ဂီရိမုန်တိုင်းဘေးကြောင့် လောလောဆယ်အထိ သေဆုံးသူ ၇၄ ဦး ရှိပြီလို့ ဒေသတွင်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က RFA ကို ပြောပါတယ်။
-
2010-10-26 -
-
-
Your browser doesn’t support HTML5 audio
ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်းက ငရီချိုင်နဲ့ ရဗတ်ချိုင် ရွာနှစ်ရွာမှာတော့ လက်ရှိကာလအထိ သေဆုံးသူ ၉ ဦး ရှိပြီး၊ အိမ်ခြေအားလုံး ပျက်စီး သွားတယ်လို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပေါက်တောမြို့ခံ အမျိုးသမီးတဦးက RFA ကို အခုလိုပြောပါတယ်၊ သေမှန်းရှင်မှန်းမသိ ပျောက်နေသူတွေလည်း ရှိပြီး အဲဒီဒေသက ဒုက္ခသည်တွေမှာ စားစရာ နေစရာမရှိ၊ သောက်ရေတောင် မရှိပဲ ဒုက္ခရောက်နေကြောင်း ပြောပြသွားပါတယ်။
ငရီချိုင်ရွာက အိမ်ခြေနှစ်ရာလောက် ရှိပြီး မုန်တိုင်းစတိုက်တုန်းက ရွာသူရွာသား အားလုံးနီးပါး ဘုန်းကြီးကျောင်းပေါ် တက်ပြေးကြလို့ အဲဒီဘုန်းကြီးကျောင်းလည်း ပြိုကျသွားသလို၊ ရွာတရွာလုံးလည်း ပျောက်သွားတယ်လို့ ပြောပါတယ်။
အလားတူ မြေပုံမြို့နယ် ငပသုန်ကျေးရွာ တခုလုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ ၅ ထောင်ကျော်၊ ၆ ထောင်လောက် ရှိနေပြီး စားသောက်စရာ သောက်ရေကအစ မရှိပဲ အတော် ဒုက္ခရောက်နေတယ်လို့ သူက ပြောပါတယ်။
အဲဒီဒေသကို ခုချိန်ထိ ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်သေးတဲ့အတွက် သေဆုံးနဲ့ ပျောက်ဆုံး ဦးရေကို တိတိကျကျ မသိရသေးသလို အသက်ရှင်ကျန်ရစ်သူတွေအတွက် သောက်ရေ၊ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ဖို့ အခက်အခဲ ရှိနေသလို။ သတင်းအတိအကျရဖို့လည်း ခက်ခဲနေတယ်လို့ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီကနေ့အထိ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့်သေဆုံးသူ ၂၇ ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၁၅ ဦး ရှိတယ်လို့ သိရပါတယ်။
ဂီရိမုန်တိုင်းဘေး ကယ်ဆယ်ရေး လုပ်နေတဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP က ဥက္ကဋ္ဌ ဦးအေးမောင်နဲ့ RFA မှ ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဦးအေးမောင်နှင့် ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |
ဂီရိမုန်တိုင်း ကယ်ဆယ်ရေးအတွက် ရခိုင်သဟာရအသင်း ရန်ကုန်က အလှုကောက်ခံ ကူညီနေပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး အသင်းဝင် ဦးသာမြကျော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးသာမြကျော်နှင့် ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |