ဆိပ်ဖြူမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ
ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ယောချောင်းအနီးတစ်ဝိုက်က ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ရွာခုနစ်ရွာက အရပ်သား ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
-
RFA Burmese
2023-02-24 -
-
-
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ယောချောင်းအနီးတစ်ဝိုက်က ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတာ ကြောင့် ရွာခုနစ်ရွာက အရပ်သား ငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား တစ်ရာလောက်ပါတဲ့ စစ်ကြောင်းက မနက်အစောပိုင်းမှာ တက်မရွာကို ဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားတဲ့နောက် ကျဘေရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်က တက်မရွာကို အစောကြီးဝင်တာပေါ့ မနက် ၇ နာရီလောက်ဝင်တယ်။ ဝင်ပြီးတော့ အရှေ့ကို ယွန်းပြီးတော့ ကျဘေရွာနဲ့ ကျကွဲရွာနားကို ရောက်နေပြီ။ ကျဘေရွာက တစ်ယောက်လည်း ဖမ်းခံထားရတယ်”
ဖမ်ဆီးခံထားရသူ ပြန်လွတ်၊ မလွတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်ကြောင်းဟာ တက်မရွာအနီးက ဒေသကာကွယ်ရေးအဖွဲ့ ကင်းစခန်းတစ်ခုနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းဝင်နေတာကြောင့် တက်မ၊ အနောက်ကဖြူ၊ ဘဲကျ၊ ကျဘေ၊ ကျကွဲ၊ ကျောက်ကြီး၊ ညောင်ဂွေး၀ စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
ဆိပ်ဖြူမြို့နယ်ထဲမှာ စစ်ကြောင်း နှစ်ကြောင်းဝင်နေပြီး နောက်စစ်ကြောင်းတစ်ခုကြောင့် ဆိပ်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်း အနောက်ဘက်က သာယာကုန်း၊ သက္ကယ်ကျင်း၊ ထွန်၊ ကျစ်ပြင် စတဲ့ရွာတွေဟာလည်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရွာတွေဘက်မှာရှိနေတဲ့ စစ်ကြောင်းကတော့ ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့မနက်မှာ ရပ်ရွာတွေဘက်ကို ချိန်ရွယ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဒုက္ခသည် ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။