ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်
နှစ်ပေါင်း ၂၀ အတွင်း ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားခဲ့ရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာပြည်သူတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပေမဲ့ သူ့ရဲ့ အသက်အန္တရာယ် လုံခြုံရေး ဒါမှမဟုတ် ပြန်ပြီး အကျယ်ချုပ် ထိန်းသိမ်းခံရမှာကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက စိုးရိမ်နေကြပါတယ်။
-
2010-11-16 -
-
-
နိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဆောင်ရွက်ပေးနိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ဖြစ်နေတာကြောင့် သူရဲ့လုံခြုံရေးအတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ အဝေးရောက်ညွန့်ပေါင်း အစိုးရဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက ပြောပါတယ်။
“ကျွန်တော်တို့လည်း အားလုံးနဲ့အတူ စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက အလကား စိုးရိမ်တာတော့ မဟုတ်ဖူး။ ဒီပဲယင်းမှာ ဖြစ်သွားတဲ့ ကိစ္စကနော်၊ အဲဒါ ဒေါ်စု လုံခြုံရေးအတွက် ဘာညာဆိုပြီးတော့ ထိန်းသိမ်းထားလိုက်ပြီးတော့ အဲဒီမှာ ဒီပဲယင်းကိစ္စကို လုံးဝ ဖျောက်ထားတယ်။ ချေဖျောက်ထားတယ်ပေါ့။ ကော်မရှင်တွေဖွဲ့ စုံစမ်းစစ်ဆေးရေး လုပ်ရမှာ ဘာမှလည်း မကြားမိဘူး။ အဲဒီတော့ ဒီလို အခြေအနေတွေမျိုးမှာ ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ရည်ရွယ်ခဲ့တဲ့ ၂၀၀၃ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကို မြန်မာပြည်သူတွေ မမေ့နိုင်သေးပဲ အလားတူ ဖြစ်ရပ်မျိုး ထပ်ပြီး ပေါ်ပေါက်မှာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာ သတင်းဌာနက မနေ့က ဖော်ပြခဲ့ပါတယ်။