ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့ လေးမျက်နှာမြို့ မှာ ဆန္ဒပြ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်း ထားတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့အတွက် လေးမျက်နှာ မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ဦးဆောင် ပြီး ဒေသခံတွေနဲ့ အနီးအနားက ကျေးရွာပေါင်း ၄၀ ကျော် က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဆန္ဒပြတောင်းဆို ခဲ့ကြပါ တယ်။
-
2014-05-03 -
-
-
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့အတွက် လေးမျက်နှာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ဦးဆောင်ပြီး ဒေသခံတွေ နဲ့ အနီးအနားက ကျေးရွာပေါင်း ၄၀ ကျော်က ထောင် နဲ့ချီ တဲ့ ဒေသခံတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
လေးမျက်နှာမြို့ခံတွေက ပုဒ်မ ၅၉ (စ)ကို မပြင်ဆင်ဖို့ နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်လိုတဲ့ အတွက် ဆန္ဒပြပွဲကိုစီစဉ်တာဖြစ်တယ်လို့ လေးမျက်နှာ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုကြည်ဝင်းက ပြော ပါတယ်။
"မြို့ပေါ်မှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ ကျေးရွာမှာရှိ တဲ့ ပြည်သူတွေကလာပြီးတော့ ကျနော်တို့ကိုတင်ပြတာပေါ့၊ ၅၉ (စ)၊ အမျိုးဘာသာစောင့်ရှောက်ရေး၊ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့တွေက ကျနော်တို့ကိုဆန္ဒပြုကြတဲ့အခါ ကျနော်တို့က ဒါကိုစုစည်းပြီးတော့ အားလုံးညှိနှိုင်းတိုင်ပင်ပြီးတော့ ဒါဟာကိုလုပ်တာပါ"
ဒီနေ့ဆန္ဒပြပွဲကို လေးမျက်နှာမြို့ပေါ်မှာ ပြုလုပ်တာဖြစ်ပြီး တရားဝင်ခွင့်ပြုချက် ရရှိထားတယ်လို့ သိရပါတယ်။
မနေ့ကတော့ လေးမျက်နှာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ (ဃ) ကို ပယ်ဖျက်ပေးဖို့၊ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ဆိုပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။