ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ထံက သဘောထားယူဖို့ ချင်းအမတ် တိုက်တွန်း
2015.06.24

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆(က) ကို ပြင်ဆင်ဖို့ အကျပ်အတည်းဖြစ်နေတာကို ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေထံက နှုတ်ထွက် စကား တောင်းခံပြီး သဘောထားကို ယူသင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉၊ ပုဒ်မ ၆၀ နဲ့ ပုဒ်မ ၄၁၈ တို့ကို ပြင်ဆင်ထားတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၇ ယောက် က ဒီနေ့ ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးရာ ချင်းတိုးတက်ရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျွန်ခဲန်းက အခုလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။
"ပုဒ်မ ၄၃၆ ( က )ကို ပြင်ဆင်လို့တဲ့ အခါမှာ ကျနော်တို့ အခြေခံဥပဒေမူပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေထံကိုသွားပြီးမှ ကျနော်တို့အဲ့လို အခြေအနေ ဖြစ်နေတယ်၊ ကျနော်တို့ဆွဲထားတဲ့ ဥပဒေဟာ လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာ နည်းနည်းမကိုက်ညီဘူးဆိုပြီးတော့မှ ကျနော်တို့ ဘဘဆီ က မေတ္တာစေတနာနှုတ်ထွက်စကားကို ကျနော်တို့ခံယူပြီးမှ ပြုပြင်ရင် ကျနော်တို့အားလုံး ပြင်ဆင်လို့ရမယ်လို့ ယုံကြည်ပါတယ်"
အန်အယ်လ်ဒီကိုယ်စားလှယ်တွေက ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်ပေးဖို့ ဆွေးနွေးကြပြီး တပ်မတော်သားကိုယ်စား လှယ်တစ်ဦးနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက မပယ်ဖျက်ဖို့ ဆွေးနွေးကြပါတယ်။
အဲဒီပုဒ်မ ၄ ခုကို တပ်မတော်သားကိုယ်စားလှယ် ၁ ဦး၊ အန်အယ်လ်ဒီကိုယ်စားလှယ် ၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၅ ဦး အပါအဝင် ၁၆ ဦးက ဆွေးနွေးခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို မနေ့ကစပြီး ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးရာ ဒီနေ့အထိ ၃၂ ဦး ဆွေးနွေးပြီးဖြစ်ပါတယ်။ မနက်ဖြန် မှာ ကိုယ်စားလှယ် ၅ ဦး ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဓိကကျတဲ့ ပုဒ်မ ၄၃၆ နဲ့ သမ္မတအရည်အချင်း သတ်မှတ် ချက်ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) တို့ကို မပြင်ဆင်ဘဲ မူလအတိုင်းထားဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ ဘက်က လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးကြတာမို့ လူထုလိုချင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ် မှုတွေ ပေါ်ထွက်လာပါတယ်။ ဒါ့ကြောင့် လူထုလက်မခံတဲ့ အချက်တွေနဲ့သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင် ခဲ့မယ်ဆိုရင် မကြာခင် လပိုင်းအတွင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲနဲ့ တိုင်းပြည်ရဲ့ ရှေ့အနာဂတ်အပေါ် သုံးသပ် ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။