ဆက်သွယ်ရေးဥပဒေကို ပြင်ဆင် တဲ့မူကြမ်း ကိုယ်စားလှယ်တွေ ထံ ဖြန့်ဝေ

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ မူကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ထံ ဖြန့်ဝေလိုက်ပါတယ်။

၆၆ ဃ ဆက်သွယ်ရေးဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရေး လမ်းကမ်းစာစောင်တစ်ခုကို တွေ့ရစဉ်

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေလိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းဟာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီထံ ရောက်ရှိသွားပြီဖြစ်ပြီး ကော်မတီက ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးက ပြောပါတယ်။

"နည်းဥပဒေအတိုင်းပေါ့ဗျာ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ဖြန့်ထားတယ် ပြီးရင်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ဖို့ ဥပဒေကြမ်းကော်မတီဆီ ပို့လိုက်ပြီပေါ့၊ ဥပဒေကြမ်းကော်မတီက သက်ဆိုင်တဲ့ သူတွေခေါ်မယ်၊ ကျနော်တို့ဆီက အတည်ပြုပြီးတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကို ပို့ရမှာလေ ကျနော်တို့ပို့တဲ့ ဥပဒေကြမ်းကို သူသဘောတူချင်လည်းတူမယ် မတူချင်ရင်လည်းမတူဘူး"

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အဲဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး အစည်းအဝေး ကျင်းပနေပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ဆွေးနွေးဖို့ရှိနိုင်တယ်လို့ ပြောပါတယ်။

"မနက်ဖြန်ကျရင် ပြည်ထောင်စုလွှတ်တော်ရှိတယ်၊ အခုကျနော်ဒီစာရွက်ကိုကြည့်တယ် ပြည်ထောင်စုပဲတင် မလားမသိဘူး၊ ပြည်ထောင်စုကို တင်မယ်ထင်တယ်၊ မနက်ဖြန်က အမျိုးသားမရှိဘူး ပြည်ထောင်စုရှိတယ် ၊ နောက်ဒီစာရွက်က ပြည်ထောင်စုခေါင်းစီးနဲ့လာတော့ ပြည်ထောင်စုမှာပဲ တန်းဆွေးနွေးလိမ့်မယ်ထင်တယ်’’

ဦးရဲထွဋ်ဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ပေးဖို့အတွက် အမျိုးသားလွှတ်တော် မှာ မေးခွန်းမေးမြန်းဖို့ တင်ပြရာမှာ နှစ်ကြိမ်တိုင် ဆိုင်းငံ့ခံထားရသူဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ မည်သူမဆို ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ခြောက်လှန့်တောင်းယူတာ၊ အနိုင်အထက်ပြုတာ၊ မတရား တားဆီးကန့်ကွက်တာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ မလျော်သြဇာသုံးတာ၊ ခြိမ်းခြောက်တာတွေလုပ်ရင် သုံးနှစ်ထက်မပို တဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဌာန်းထားပါတယ်။

လက်ရှိမှာ အဲဒီဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တိုင်ကြားခံရသူ အများစုဟာ အာမခံမရဘဲ အချုပ်ထောင်ထဲ ကနေ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရသူ ၇၁ ဦးရှိပြီး အဲဒီအထဲမှာ သတင်းမီဒီယာ သမားတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org