ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး အမေရိကန်အမတ်နှစ်ဦး တောင်းဆို

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကူညီတဲ့အနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ ဒီမိုကရက် လွှတ်တော်အမတ် Mr. Jim Webb နဲ့ ရီပါပလီကင် လွှတ်တော်အမတ် Mr. James Inhofe တို့က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို သောကြာနေ့က စာရေးသား တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်က ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင် မစ္စတာဂျင်မ်ဝက်ဘ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ RFA

ပိတ်ဆို့မှုတွေကို ကဏ္ဍအလိုက် တစ်ခုချင်းစီ ရုပ်သိမ်းတဲ့နည်းဟာ ရေနံလို လုပ်ငန်းမျိုးအပေါ် ဆက်လက် ကန့်သတ်ထားရာ ရောက်တဲ့အတွက် အိုဘားမားအစိုးရအဖို့ လုပ်ရပ်အမှားတစ်ခု ဖြစ်ပါလိမ့်မယ်လို့ ပြောဆိုပါတယ်။

မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲအပြီး အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးနဲ့ တချို့အကူအညီတွေကိုတော့ ဆက်လက်ပိတ်ဆို့ထားပါတယ်။ ဥရောပသမဂ္ဂ အီးယူကတော့ လက်နက် အရောင်းအဝယ်ကလွဲပြီး ကျန်တဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ယာယီဆိုင်းငံ့ပေးခဲ့ပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ လွှတ်တော်က သဘောတူစရာမလိုဘဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းနိုင်တဲ့ စီရင်ဆုံးဖြတ်ခွင့် အာဏာရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်တာဟာ အကောင်းဆုံး လုပ်ရပ်ဖြစ်ပါတယ်။ သမ္မတအနေနဲ့ ပြန်ရုပ်ဖို့ အချိန်တန်ပါပြီလို့ Mr. Jim Webb က ပြောဆိုပါတယ်။

ဒါပေမဲ့ အရင် မြန်မာစစ်အစိုးရလက်ထက်က နာမည်ပျက်ရှိသူတွေကိုတော့ ပိတ်ဆို့တဲ့ စာရင်းထဲ ဆက်လက် ထားရှိနိုင်ကြောင်းလည်း ပြောပါတယ်။ အမေရိကန် ကုန်သည်ကြီးများ အသင်းကလည်း အလားတူ အဆိုမျိုး တင်ပြထားတာပါ။ အမေရိကန်လုပ်ငန်းတွေဟာ ပွင့်လင်းလာတဲ့ မြန်မာပြည်မှာ အာရှနဲ့ ဥရောပကို မယှဉ်နိုင်ဘဲ နောက်ကျကျန်ခဲ့မှာကို စိုးရိမ်နေပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကတော့ လက်ရှိ အပြောင်းအလဲတွေဟာ အောက်ခြေ ပြည်သူ အများစုကြီးဆီကို မရောက်သလောက်ဖြစ်နေပြီး နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှုတွေဟာလည်း စစ်တပ်နဲ့ အပေါင်းပါတွေ အတွက်ပဲ အကျိုးအမြတ်ရှိမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org