စစ်ကိုင်းမြို့ပေါ်က ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဈေးအနီး ကမ္ဘောဇဘဏ် (၁) ဟာ ဇွန်လ ၁၉ ရက် မနေ့ကညနေပိုင်းမှာ ဓားပြတိုက်ခံလိုက်ရပါတယ်။
-
RFA Burmese
2024-06-20 -
-
-
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဈေးအနီး ကမ္ဘောဇဘဏ် (၁) ဟာ ဇွန်လ ၁၉ ရက် မနေ့ကညနေပိုင်းမှာ ဓားပြတိုက်ခံလိုက်ရတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
ညနေ ၄ နာရီခွဲလောက်မှာ လူလေးဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီးနောက် ဓားပြဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဘဏ်အနီး သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပေမဲ့ ဓားပြတိုက်ခံခဲ့ရတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ၄ နာရီကျော်လောက် မြို့မဈေးနား ဘဏ်တွေနား သေနတ်ပစ်သံတွေ ဆူညံနေတာ ည ၉ နာရီထိပဲ။ ၈ နာရီလောက်ဆို အတွဲလိုက်ပစ်သံတွေ ကြားရတယ်။ လမ်းတွေလည်း ပိတ်ထားပြီး အစစ်အဆေးလုပ်နေတာ စစ်သားတွေက။ ဘယ်သူမှ မထွက်ရဲကြဘူး။ နောက်မှသိရတာ ကမ္ဘောဇဘဏ် (၁) ဓားပြတိုက်ခံရတာ”
စစ်ကောင်စီကတော့ ကမ္ဘောဇဘဏ် (၁) ကို ဓားပြဝင်တိုက်ခဲ့တဲ့ လူလေးဦးကို ဖမ်းဆီးဖို့ကြိုးစားတာမှာ တစ်ဦးကို အသေဖမ်းမိတယ်လို့ ထုတ်ပြန်ပါတယ်။ ကျပ်သိန်း သုံးထောင်ကျော် (ကျပ် ၃၀၃၁ သိန်း)၊ လက်လုပ်ပစ္စတိုတစ်လက် အပါအဝင် လက်နက်ခဲယမ်းတချို့နဲ့ ဆက်စပ်ပစ္စည်းတွေလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘဏ်ဓားပြတိုက်တဲ့အဖွဲ့ဟာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂)က ဆင်ရိုင်း (ခ) ခိုင်ဇော်လင်း ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး အသေဖမ်းဆီးရမိသူဟာ ကိုနောင် ဆိုသူဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ရွှေဘိုအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ ဒီစွပ်စွဲချက်ဟာ မှန်ကန်မှုမရှိသလို လုပ်ကြံပြောဆိုချက်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“အဲဒီနေရာတွေက စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ တော်လှန်ရေးသမားတွေ လှုပ်လို့မရအောင် ညှပ်ပိတ်နေတဲ့ နေရာ၊ သူတို့ (စစ်ကောင်စီ) စခန်းအထိုင်ချထားတဲ့ တကယ့်နေရာတွေကို ကျွန်တော်တို့ တော်လှန်ရေးသမားတွေ ဘယ်လိုသွားလို့ရမှာလဲ။ ဓားပြတိုက်ဖို့နေနေသာသာ ဖြတ်သွားဖို့တောင် မလွယ်ဘူး”
ဒါနဲ့ပတ်သက်လို့ RFA က ကမ္ဘောဇဘဏ်ရုံးချုပ်နဲ့ စစ်ကိုင်းမြို့ ကမ္ဘောဇဘဏ် (၁) ရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်း အပါအဝင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ ဘဏ်နဲ့ ရွှေဆိုင်တွေ မကြာခဏဆို ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေဖြစ်ပေါ်နေပြီး အများစုကတော့ လက်ရှိအချိန်ထိ တရားခံ ဖမ်းမိခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။