ထီးချိုင့်မြို့ လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားသုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ နိုဝင်ဘာ ၉ ရက်နေ့က ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ် နှစ်စင်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ နိုဝင်ဘာ ၉ ရက်နေ့က ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မနေ့က (နိုဝင်ဘာ ၈ ရက်) စပြီး တိုက်လေယာဉ်သုံးစီးနဲ့ မြို့ပေါ်ဘုန်းကြီးကျောင်း၊ မီးသတ်ရုံးအသစ်နားကို ကြဲသွားပါတယ်၊ ဒီနေ့မှာတော့ မရသိမ်တောမဘက်ကို ထပ်ကြဲသွားပါတယ်၊ ဒီနေ့ မြို့ပေါ်က လူကြီးပိုင်းနှစ်ဦးသေဆုံးတာပါ ဘုန်းကြီးအပါဆို သုံးဦးပါ"

ထီးချိုင့်မြို့ကို နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် မြို့ကိုသိမ်းလို့မရသေးဘူးလို့လည်း ဆိုပါတယ်။

မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေယာဉ်နဲ့ဗုံးတွေကြဲတာကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လောလောဆယ်ကျွန်တော်တို့ ပြေးနေရတာ၊ မြို့ပြင်ရောက်နေတာ၊ မြို့ထဲမှာ တိုက်ပွဲဖြစ်နေတာ၊ မြို့မှာက ဘယ်သူမှမရှိတော့ဘူး၊ လေယာဉ်တွေနဲ့ ပစ်နေတာ၊ မနေ့ကရော ဒီနေ့ရော တစ်နေကုန် ပစ်နေတာ၊ မြို့ပေါ်ကနေ ၇ ရက်နေ့လောက်ကစပြီး တစ်မြို့လုံးပြေးနေတာ၊ အားလုံးနီးပါးပဲ"

စစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်လို့ သေဆုံးသူအရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီက အထက ၁ ကျောင်း၊ တောင်ပေါ်ရဲစခန်း၊ တံတားနဲ့ မြတောင်တောင်ပေါ်ဘုန်းကြီးကျောင်းတွေမှာ အထိုင်စခန်းတွေချပြီး လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လေကြောင်းကပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာ ၆ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နဲ့ နိုဝင်ဘာလ ၇ ရက်နေ့က တမူးမြို့နယ် ခါမ်းပါတ်မြို့ ကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org