စစ်ကိုင်းတိုင်းမှာ တစ်နှစ်ကျော်အတွင်း အရပ်သား ကိုးရာကျော် သေဆုံး
စစ်ကိုင်းတိုင်းမှာ ၂၀၂၃ ဇူလိုင်ကနေ ၂၀၂၄ ဩဂုတ်အထိ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၉၅၈ ဦး သေဆုံးပြီး ၁၁၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-12-12 -
-
-
စစ်ကိုင်းတိုင်းမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၁၃ လအတွင်း အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၉၅၈ ဦး သေဆုံးပြီး ၁၁၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးမှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကြောင့် သေဆုံးသူ ၆၈၉ ဦးနဲ့ အများဆုံးဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့တွေကြောင့် ၁၅၂ ဦးနဲ့ တိုက်ပွဲဖြစ်နေစဉ် ထိမှန်သေဆုံးတာတွေ အရပ်သားအချင်းချင်းနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ သတ်ဖြတ်မှု စတဲ့ တခြားကျူးလွန်မှုတွေကြောင့် သေဆုံးတာက ၁၁၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၉၃ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်တဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းမှာ ခရိုင်ပေါင်း ၁၃ ခုရှိတဲ့ အထဲက ကလေးခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်းခရိုင်တို့မှာ အရပ်သား သေဆုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှု စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။
အရပ်သားထိခိုက်မှုတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ရေးကျင့်ဝတ်လိုက်နာမှု အားနည်းတာ၊ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်တာ၊ အရပ်သားတွေ ထိခိုက်မှုနည်းအောင် ကြိုတင်ကာကွယ်ပေးတာတွေ အားနည်းတာကြောင့်လို့ Data for Myanmar က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မရှိသေးပါဘူး။
လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရပ်တန့်ပြီး နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေက အရပ်သားထိခိုက်မှု လျော့ကျစေမဲ့ ဘေးကင်းရေးအစီအမံတွေနဲ့ ပညာပေးမှုတွေ လုပ်ကြဖို့ Data for Myanmar က တိုက်တွန်းထားပါတယ်။