မြန်မာသတင်းသမားတွေကို RSF ကူညီမည်

စစ်တပ်အာဏာသိမ်းပြီးနောက် ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေကို အကူအညီပေးမဲ့ အစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံမှာ စတင်နေပြီဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က အောက်တိုဘာလ ၂၁ ရက်နေ့က ဖော်ပြပါတယ်။

ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို သတင်းယူနေသည့် သတင်းသမားအချို့အား တွေ့ရစဉ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေကို အကူအညီပေးမဲ့ အစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံမှာ စတင်နေပြီဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က အောက်တိုဘာလ ၂၁ ရက်နေ့က ဖော်ပြပါတယ်။

ဒီအစီအစဉ်ကို RSF ညွှန်ကြားရေးမှူးချုပ် Thibaut Bruttin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ချင်းမိုင်မြို့မှာ အောက်တိုဘာလ ၁၉ ရက်နေ့က စတင်လိုက်တာပါ။

အစီအစဉ်အရ မြန်မာပြည်တွင်းမှာ ဆက်လက်အလုပ်လုပ်ကိုင်နေတဲ့ သတင်းသမားတွေသာမက ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းသမားတွေကိုပါ ကူညီပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

သတင်းသမားတွေအတွက် ခရီးဆောင်ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ ဆိုလာဘက်ထရီနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပစ္စည်းတွေ ကူညီပေးတာအပြင် သင်တန်းအမျိုးမျိုးကိုပါ ပို့ချပေးသွားမယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာအပေါ် အကြင်နာကင်းမဲ့စွာ ဖြိုခွင်းနေတယ်လို့ RSF က ဆိုပါတယ်။

သတင်းသမားနဲ့ သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူ ခုနစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အနည်းဆုံး သတင်းသမား ၁၅၀ ခန့် ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၆၄ ဦးဟာ ဒီနေ့အချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

အခုလိုဖိနှိပ်မှုတွေကြောင့် အနည်းဆုံး သတင်းမီဒီယာ ခြောက်ဆယ်ခန့်ဟာ ပြည်ပကိုထွက်ခွာခဲ့ရပြီး အများစုဟာ ထိုင်းနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

RSF ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ က ရပ်တည်နေပြီး တရုတ်နိုင်ငံနောက် သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုအများဆုံး ဒုတိယနိုင်ငံလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org