RFA ၂၅ နှစ်ပြည့် အထိမ်းအမှတ် မြန်မာစာနယ်ဇင်းလောကအကြောင်း ဆွေးနွေးပွဲ
စက်တင်ဘာလ ၂၉ရက်က လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာန ၂၅နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာစာနယ်ဇင်းလောကရဲ့ စွမ်းအားနဲ့ အန္တရာယ်အခက်အခဲများ ဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။
- 2021-09-29
-
-
-
စက်တင်ဘာလ ၂၉ရက်က လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာန ၂၅နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာစာနယ်ဇင်းလောကရဲ့ စွမ်းအားနဲ့ အန္တရာယ်အခက်အခဲများ ဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ RFA သတင်းဌာနအကြီးအကဲ Ms Bay Fang က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ moderator အဖြစ် ဆောင်ရွက်မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းနဲ့ လက်ရှိ National Democratic Institute ဥက္ကဋ္ဌ မစ္စတာ ဒဲရစ် မစ်ချယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ၁၅နှစ်တာ ကာလအတွင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထွန်းကားခဲ့ပုံ၊ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပြီးမှာ သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍ မှေးမှိန်သွားခဲ့ပြီး၊ ဒီဗွီဘီ၊ ဧရာဝတီ၊ မဇ္ဈိမ နဲ့ RFA လို ပြည်ပအခြေစိုက် မီဒီယာတွေက အစားထိုးနေရာယူခဲ့ကြတဲ့ အကြောင်း၊ အခုအချိန်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း သတင်းမီဒီယာတွေအတွက် အမှောင်ခတ်ကို ပြန်ရောက်သွားတဲ့ အကြောင်း eJU RFA သတင်းဌာန အပါအဝင် သတင်းဌာနအချို့ဟာ မြန်မာ ပြည်သူတွေအတွက် ရှေ့တန်း ကနေ သတင်းတွေ ဆက်လက်ထုတ်လွှင့်ပေးနေဆဲ ဖြစ်ကြောင်း မစ္စတာ ဒဲရစ် မစ်ချယ်က ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ကိုးနှစ်တာကာလအတွင်းမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ တစ်ပိုင်းအစိုးရနဲ့ လက်ထက်မှာ သတင်းမီဒီယာတွေ ဆင်ဆာတင်ရတဲ့စနစ်ကို ဖျက်သိမ်းပြီး၊ ပြည်ပက မီဒီယာတွေကိုလည်း ပြည်တွင်းမှာ လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့တဲ့အတွက် သတင်းမီဒီယာတွေအတွက် ရွှေရောင် ကာလ တစ်ခုဖြစ်ခဲ့တဲ့အကြောင်း၊ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေရဲ့ စွမ်းဆောင်မှုတွေ ပိုမိုတိုးတက်လာပြီး၊ ဒီမိုကရေစီ အပြောင်းအလဲအတွက် အရေးပါ တဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့အကြောင်း RFA သတင်းထောက် မအေးအေးမွန်က ပြောသွားပါတယ်။
အခုအချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာသတင်းမီဒီယာအချို့ကို ရပ်ဆိုင်းလိုက်ပြီး၊ ဂျာနယ်လစ်အများအပြားကို ဖမ်းဆီး ထိမ်းသိန်းလိုက်တဲ့နောက်၊ သတင်းသမားတွေ တရားစွဲ ထောင်ချခံရတာ၊ အလုပ်အကိုင်ဆုံးရှုံးတာ၊ နေအိမ်ကနေထွက်ပြေး၊ ပုန်းအောင်းနေရတဲ့ အခြေအနေတွေ ကြုံလာရတဲ့ အကြောင်းနဲ့ မိမိကိုယ်တိုင်လည်း အခုအချိန်မှာ RFA သတင်းဌာနအတွင်း သတင်းစီစဉ်ရေးသားထုတ်လွှင့် မှုတွေကို ပြည်ပကနေ အခြေစိုက်ပြီး လုပ်ကိုင်နေရတဲ့အကြောင်း မအေးအေးမွန်က ပြောပါတယ်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ဦးအေးချမ်းနိုင်က ၁၉၉၂ ခုနှစ်မှာ နော်ဝေနိုင်ငံမှာ DVB သတင်းဌာနကို စတင်တည်ထောင်စဉ်က ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း သတင်း မီဒီယာတွေ လွတ်လပ်ခွင့်ရလာတဲ့နောက် မြန်မာနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ရလာခဲ့ပုံတွေ၊ အခုအချိန်မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် သတင်းထောက်အဖြစ် အာဏာပိုင်တွေသိထားတဲ့ DVB အဖွဲ့သားတွေ အတွက် အလွန်အန္တရာယ်ကြီး လာခဲ့တဲ့အတွက် ပြည်ပကို ပြန်လည်ထွက်ခွာခဲ့ရပုံနဲ့ ခုအချိန်မှာ ပြည်တွင်းက အဖွဲ့သားတွေကို ပြန်လည် စုစည်းပြီး သတင်းထုတ်လွှင့် တင်ဆက်မှုတွေ ပြန်လုပ်ဖို့ ကြိုးပမ်းနေရကြောင်း ပြောသွားပါတယ်။
Pen America အဖွဲ့က ကာရင် ကာလီကာက မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရလာနဲ့ အမျှ ပင်မ မြန်မာ ဘာသာစကားနဲ့ ထုတ်ဝေတဲ့ သတင်းမီဒီယာတွေတင်မကပဲ၊ တိုင်းရင်းသား မီဒီယာတွေနဲ့ ပြည်နယ်တိုင်းဒေသ ကြီးတွေမှာ အခြေစိုက်တဲ့ ဒေသတွင်း မီဒီယာတွေ ပေါ်ထွန်းလာပုံနဲ့ ဒီလို တပိုင်တနိုင်လုပ်ကိုင်နေကြတဲ့ သတင်းမီဒီယာငယ်လေးတွေအတွက် ဆက်လက်လုပ်ကိုင်နိုင်ဖို့ စိန်ခေါ်မှုတွေ ကြုံတွေ့ရတဲ့အကြောင်းကို ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အဆိုးထဲက အကောင်းတစ်ခုအနေနဲ့ကတော့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုတွေအပေါ်မှာ စာနာနားလည်မှု တိုးပွားလာတဲ့အကြောင်းလည်း ဆွေးနွေးသူတွေက ပြောသွားကြပါတယ်။
RFA သတင်းထောက် မအေးအေးမွန်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့နဲ့ မြန်မာသတင်းသမားတွေ ဆက်လက် ရှင်သန် အလုပ်လုပ်နိုင်ဖို့၊ နိုင်ငံတကာကနေ ဆက်လက် ကူညီကြဖို့ တောင်းဆိုသွားပါတယ်။ DVB သတင်းဌာနက ဦးအေးချမ်းနိုင်ကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဆက်လက်ရှင်သန် နိုင်ဖို့ စီးပွားရေးအရ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်တဲ့ အနေအထားရောက်ဖို့ အချိန်ကြာဦးမှာ ဖြစ်တဲ့ အကြောင်း၊ အခုအချိန်ဟာ သတင်းဌာန ငယ်တွေ နဲ့ တိုင်းရင်းသား မီဒီယာတွေအနေနဲ့ ဆက်လက်ရှင်သန်နိုင် ဖို့အတွက် နိုင်ငံတကာရဲ့အကူအညီကို အလိုအပ်ဆုံးအချိန်ဖြစ်နေတယ်လို့ ပြောပါတယ်။
အဲဒီနောက် RFA သတင်းဌာန အကြီးအကဲ Bay Fong နဲ့ Kamayut Media တည်ထောင်သူ မြန်မာအမေရိကန် ဂျာနယ်လစ် ကိုနေသန်မောင်တို့ရဲ့ မေးမြန်းခန်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ စစ်ဆေးနေစဉ်အတွင်း ရိုက်နှက် ညှင်းပန်း နှိပ်စက်မှုတွေခံခဲ့ရတဲ့ အတွေ့ အကြုံတွေနဲ့ အတူ၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံတွင်းက ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ပေါ်ပေါက်လာတဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အားလုံး ပြိုလဲသွားပြီး စာနယ်ဇင်း သမားတွေအတွက်ကော သာမန် ပြည်သူတွေအတွက်ပါ အလွန်အန္တရာယ် ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်လာတဲ့ အကြောင်းကို အကျယ်တဝင့် ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကမ္ဘာကသိအောင် ဖော်ပြနိုင်ဖို့ လူ့အခွင့် အရေးကို ရှေးရှုတဲ့ သတင်းမီဒီယာတွေကို မြေတောင်မြှောက်ပေးဖို့၊ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်း မီဒီယာတွေ ရပ်တည်နိုင်ဖို့ အတွက် ရေရည် မဟာဗျူဟာကျတဲ့ အစီအမံတွေ ရေးဆွဲလုပ်ဆောင်ဖို့ လိုတယ်လို့ ကိုနေသန်မောင်က ပြောပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန် အထက်လွှတ်တော် အမတ် မာကိုရူဘီရိုက RFA သတင်းဌာနဟာ ၁၉၉၆ ခုနှစ်ကတည်းက အာဏာရှင်အစိုးရတွေကို တာဝန်ခံမှုရှိလာအောင် တွန်းအားပေးခဲ့ပြီး၊ လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေမှာ လွတ်လပ်တဲ့ သတင်းဌာနဆိုတာ ဘယ်လို ပုံစံဖြစ်တယ်ဆိုတာကို စံနမူနာအဖြစ် ပြသပေး ခဲ့ကြောင်းပြောပြီး RFA ရဲ့ စွမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။
အမေရိကန် အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ နန်စီပလိုစီက သတင်းလွတ်လပ်ခွင့် ငြင်းပယ်ခံထားရတဲ့ နိုင်ငံတွေမှာ အပတ်စဉ် နားဆင်သူ ပြည်သူ သန်း၆၀လောက်အတွက် သတင်းတွေထုတ်လွှင့်ပေးနေတဲ့ RFA သတင်းဌာနဟာ အမှန်တရားရဲ့ ရောင်ခြည်အဖြစ် ရပ်တည်နေခဲ့တာ ၂၅နှစ်တိုင်ခဲ့ပြီ ဖြစ်တယ်လို့ ချီးကျူးစကား ပြောပြီး၊ RFA ဝိုင်းတော်သားတွေအတွက် ဆုမွန်ကောင်းတွေ ပို့သကြောင်း ပြောကြားသွားခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ မကြုံစဖူး ရဲရင့်မှုနဲ့ စုစည်း ညီညွတ်မှုကို တွေ့မြင်ရတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားပြီး၊ ဂျာနယ်လစ် တွေ ဘေးကင်းစွာနဲ့ ပြန်အလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်တဲ့အကြောင်း RFA သတင်းဌာန ၂၅နှစ်ပြည့် အထိမ်း အမှတ်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သတင်းထောက်တွေက ဆန္ဒပြု ပြောကြားခဲ့ကြပါတယ်။