ကျောက်တော်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦး နုတ်ထွက်စာတင်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးဟာ ဇွန် ၂၈ ရက်နေ့က သူတို့ရဲ့ တာဝန်ကနေ နုတ်ထွက်စာတင်လိုက်ကြပါတယ်။
-
2019-06-30 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်ထဲက မြို့နယ်အတော်များများမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတွေ ထဲကိုလည်း တပ်မတော်နဲ့ AA တို့ ဝင်ထွက်သွားလာလှုပ်ရှားတာမျိုးတွေရှိနေကြပါတယ်။
တပ်မတော်ဘက်ကလည်း ကျေးရွာတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေရှိနေလို့ ဝင်ရောက်စစ်ဆေးတာတွေရှိသလို AA ဘက်ကလည်း တပ်မတော်ကို သတင်းပေးတိုင်ကြားသူတွေကိုလည်း လုပ်ကြံသတ်ဖြတ်တာ မျိုးတွေရှိခဲ့ပါတယ်။
အခုလိုဖြစ်စဉ်မျိုးတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိကဖြေရှင်းပေးနေရတာတွေရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတရားစွဲတာတွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် ကျောက်တော်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှုး ၁၄ ယောက်တို့ဟာ ဇွန်လ ၂၈ ရက်နေ့ က မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို သူတို့တာဝန်တွေကနေ နုတ်ထွက်ကြောင်း စုပေါင်းလက်မှတ်ထိုးကာ တင်ပြလိုက်ကြတာဖြစ်ပါတယ်။
“နှစ်ဖက်စလုံးက အုပ်ချုပ်ရေးမှူးတွေက ကြားမှာညပ်နေတယ်၊ ဟိုဘက်မှာလည်းညပ်တယ် ဒီဘက်မှာလည်း ညပ်တယ် အဲဒီလိုပေါ့၊ အဲဒါကြောင့် နုတ်ထွက်ကြတာ၊ ထွေထွေထူးထူးဝေဖန်ပြောကြားတာက နည်းနည်း အန္တရာယ်များတယ်၊ အရင်တုန်းက နုတ်ထွက်ကြတာလည်း ဒီအကြောင်းတွေကြောင့် နုတ်ထွက်ကြတာ၊ ကျွန်တော်တို့ကတော့ အမြန်ဆုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ဒေသတွေ ငြိမ်းငြိမ်း ချမ်းချမ်းဖြစ်စေချင်တယ်’’
အုပ်ချုပ်ရေးမှူးတွေက ကြားမှာညပ်နေတယ်
အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသွားတာပါ။
ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်နေ့က မြေပုံမြို့နယ်က ကမ်းထောင်း ကြီးမြို့က အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့မေလပိုင်းကလည်း ကျောက်တော်မြို့နယ် ရွှေပြည်သာနဲ့ မင်းသားတောင် ကျေးရွာအုပ်ချုပ်ရေး မှူးနှစ်ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဇွန်လ ၄ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၅ ယောက်တို့က နုတ်ထွက်စာတင်ခဲ့ကြပါတယ်။
အခုလိုကျေးရွာအုပ်ချုပ်ရေးမှူးတွေက တပ်မတော်နဲ့ AA တို့ရဲ့ ဖိအားပေးမှုတွေကြောင့် သာမန်အရပ်သား အနေနဲ့သာ နေထိုင်လိုကြတဲ့အတွက် နုတ်ထွက်လာကြတာနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို မေးကြည့်ရာမှာ
“တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တရားဥပဒေစိုးမိုးရေး နိုင်ငံတော်ကာကွယ်ရေးကို အဓိက တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ အစည်းဖြစ်တယ်၊ တရားဥပဒေစိုးမိုးရေးအတွက် အကူအညီပေးနေ တဲ့အဖွဲ့အစည်းဖြစ်တယ်၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို အကူ အညီပေးနေတဲ့အဖွဲ့အစည်းဖြစ်တယ်၊ အုပ်ချုပ်ရေးမှူးများအနေနဲ့ ခုနပြောတဲ့အကျပ်အတည်းတွေကို ကျွန်တော်တို့သိရှိပါတယ်၊ အုပ်ချုပ်ရေးမှူးများအနေနဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်၊ တိုင်းပြည်အတွက် မှန်မှန်ကန်ကန်လုပ်ဆောင်တယ်ဆိုရင် ဘာမှစိုးရိမ်စရာမရှိပါဘူးလို့ပဲ ကျွန်တော်သတင်းပါးလိုပါတယ်’’
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားတာဖြစ်ပါတယ်။
AA ပြောခွင့်ရသူ ခိုင်သုခ ကတော့ အခုလို ပြောပါတယ်။
“ကျွန်တော်တို့ဘက်က ရွာလူကြီးတွေကို ဖိအားပေးတာလုပ်တာ ဘာမှမရှိဘူးလေ၊ ရွာလူကြီးတွေကို တရားစွဲတာက ဗမာစစ်တပ် ကပဲ တရားစွဲနေတာကိုး၊ ဗမာစစ်တပ်ဘက်ကပဲသူတို့ကို AA နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ တရားစွဲတာတွေရှိတယ်၊ အဲဒါကြောင့် ဗမာစစ်တပ်ကိုကြောက်လို့ သူတို့နုတ်ထွက်ကြတာပဲ၊ ပြောမယ် ဆိုရင် အစိုးရယန္တရားကိုကြောက်လို့ သူတို့နုတ်ထွက်ကြတာ၊ ကျွန်တော်တို့ဘက်ကတော့ ရွာလူကြီးတွေကို ခြိမ်းခြောက် တာလုပ်တာ ဘာမှမရှိပါဘူး’’
ကျောက်တော်မြို့နယ်ထဲမှာ ရပ်ကွက် ၄ ခုနဲ့ ကျေးရွာပေါင်း ၈၀ ရှိပြီး လက်ရှိမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၆၀ နီးပါးတို့က နုတ်ထွက်သွားကြပြီဖြစ်တာမို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ဦးလောက်သာ ကျန်ပါတော့တယ်။
(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)