ရခိုင်က စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းထားဖို့ သမ္မတထံ အိတ်ဖွင့်စာပေးပို့

ရခိုင်ပြည်နယ်မှာ လက်ရှိ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း အပါအဝင် အခြားစီမံကိန်းတွေအားလုံးကို ရပ်ဆိုင်း ထားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တေ့ွရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ လက်ရှိ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း အပါအဝင် အခြားစီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းထားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေကြုံတွေ့နေရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို တားဆီးနိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ အားထုတ်နေတဲ့ကာလမှာ အဲဒီစီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ တောင်းဆိုတာလို့ မနေ့က ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ် မချုပ်ဆိုနိုင်သေးတဲ့ကာလအတွင်းမှာ သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိထားတဲ့ ကမ်းလွန်လုပ်ကွက် A6 နဲ့ AD7 အပါအဝင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့လည်း တောင်းဆိုထားပါတယ်။

ရခိုင့်သယံဇာတကို ရခိုင်ပြည်သူတွေ ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ခွင့်နဲ့ စီမံခန့်ခွဲခွင့်တို့ ရရှိရေးအတွက် လူထုချီတက်တောင်းဆိုပွဲကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ရခိုင်ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရလျစ်လျူ ရှုထားဆဲဖြစ်တယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ရခိုင့်သယံဇာတနဲ့ပတ်သက်တဲ့ တောင်းဆိုလှုပ်ရှားမှု ၂ နှစ်ပြည့်ဆွေးနွေးပွဲအခမ်းအနားကို ကျောက်ဖြူမြို့မှာ ဒီနေ့ကနေ မနက်ဖြန်အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်နေပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org